Thursday 10 January 2013
ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အစိုးရဖိတ်ခေါ်ခြင်းမရှိဘဲ ၀င်ပါ၍မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
လက်ပံတောင်းတောင်၏ EIA/ SIA တင်ပြချက်များ ၁၀ ရက်နေ့တွင် ရရှိမည်ဖြစ်ကြောင်းနှင့် ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အစိုးရဖိတ်ခေါ်ခြင်းမရှိဘဲ ၀င်ပါ၍မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် EIA/SIA 
တင်ပြချက်များ ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် မိမိထံ ရောက်ရှိလာမည်ဖြစ်ကြောင်း 
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က 
ဇန်န၀ါရီလ ၉ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်
အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
သို့သော် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏စိစစ်မှုများပြီးဆုံးမှသာ
အဖြေပေါ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ကြေးနီစီမံကိန်းနှင့်
 အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအား တာဝန်ပေးအပ်ခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံသည် ဇန်န၀ါရီလ 
၁၀ရက်နေ့တွင် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ တင်ပြနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
အစိုးရဦးဆောင်သော ကချင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အစိုးရ 
 ဖိတ်ခေါ်ခြင်းမရှိဘဲ ၀င်ပါ၍ မရကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ 
 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
''ရိုးရိုးပြောမယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်လို့ 
စစ်တိုက်ရတာပါ။အဲဒီတော့မအောင်မြင်ခြင်းရဲ့အခြေခံအကြောင်းအရာတွေကို
 စုံစမ်းရမယ်။ အကြောင်းတရားကို သိမှဖြေရှင်းနိုင်မှာပါ။ ဘာလို့ ဖြေရှင်းလို့မရသလဲ။
 ဘာလို့စစ်တိုက်တဲ့အထိ ဖြစ်ရသလဲဆိုတာကို အဲဒီအကြောင်းအရာတွေကို
 သေချာစိစစ်ပြီးမှ ပြန်ပြင်နိုင်မယ်။ ရိုးရိုးထပ်ပြောရရင် စကားပြောပြီး ဖြေရှင်းလို့မရလို့ 
စစ်တိုက်တာပါပဲ။ ဒါမှမဟုတ် စကားပြောပြီး မဖြေရှင်းချင်လို့ တိုက်တဲ့သဘောရှိတာပေါ့''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
No comments:
Post a Comment