Thursday 17 January 2013

သီတဂူဆရာတော်ကြီး သြ၀ါဒ ကို ပြန်လည် မျှဝေခြင်း


သီတဂူဆရာတော်ကြီး သြ၀ါဒ ကို ပြန်လည် မျှဝေခြင်း


သီတဂူဆရာတော်ကြီးက မြန်မာပြည်ကနေ အမေရိကားကို ကြွတာမှာ ဒီနေ့ ကိုရီးယားကို တစ်ည၀င်လာလို့ အပြေးအလွှား သွားဖူးခဲ့ရပါတယ်။ လာဖူးကြတဲ့ ဒကာ ဒကာမများကို အချိန်ကြပ်နေတဲ့ကြားကပဲ နာရီဝက်လောက် သြ၀ါဒစကားလေးချီးမြှင့်ခဲ့ပါသေးတယ်။ မှတ်မိသလောက် ပြန်ပြောပြရရင်တော့ -

ဒို့မြန်မာတွေ ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုရောက်ရောက် ဇာတိဂုဏ် မပျောက်စေကြနဲ့တဲ့။ မိုးကုတ် မိုးမိတ်တို့ကထွက်တဲ့ တွင်းထွက် ကျောက်သံပတ္တမြား တွေဟာ ဘယ်နေရာကိုရောက်ရောက် အရောင်လည်း ပြောင်းမသွားဘူး တန်ဘိုးလည်း ကျမသွားဘူးတဲ့။ အဲလိုပဲ မိမိတို့ တန်ဘိုးကို မိမိတို့သိပြီး ဘယ်နေရာရောက်ရောက် မြန်မာပီသကြပါ တန်ဘိုးမကျအောင်လည်းနေကြပါတဲ့။ နောက်တစ်ခု မှာသွားတာကတော့ သူများဆီမှာ အခစားအလုပ်ကလေးတွေနဲ့ ကြေနပ်မနေကြပဲနဲ့ ကိုယ့်တိုင်းပြည်မှာ တိုင်းပြည်ပြန်တည်ထောင်နိုင်တဲ့ သူတွေဖြစ်အောင် ကြိုးစားကြပါတဲ့။ သိုင်းဝိုင်းပြီးပြောသွားတာတွေ အများကြီးပေမယ့် အဓိက အချက်ကတော့

၁။ အရောင်မပြောင်းပါနဲ့
၂။ တန်ဘိုးမကျပါစေနဲ့
၃။ character and wisdom ကို တက်သထက် တက်အောင် ကြိုးစားနေပါ အဲဒီနှစ်ချက်က ဘ၀တန်ဘိုး (Value of life) ပါပဲတဲ့။

မြန်မာဆိုတဲ့ လူမျိုးရဲ့ character ထဲကနေ ဗုဒ္ဓဘာသာဆိုတာကို နှုတ်လိုက်ရင် ဘာကျန်မလဲတဲ့ ဘာမှတန်ဘိုးရှိတာ မကျန်တော့တာမို့ မိမိရောက်ရာအရပ်မှာ ဘာသာတရားကိုလည်း ကိုင်းရှိုင်းကြပါတဲ့။ ဘုရားကျောင်းကန်တွေကို အမြဲဝင်ထွက်သွားလာကြပါတဲ့။

ကာလကတ္တားလို့ခေါ်နေတဲ့အိန္ဒိယနိုင်ငံက မြို့အမည်ရဲ့ အသံထွက်အမှန်က ကောလိယ ကတ္တ ဖြစ်ပါတယ်တဲ့။ မြတ်စွာဘုရားရှင်ရဲ့ အမေဘက်က အမျိုးတွေ ကောလိယမျိုးတွေ တည်ထောင်ခဲ့တဲ့မြို့ဖြစ်ပါတယ်တဲ့။ နောက် မောရိယမင်းဆက်တွေဆိုတာ ဒေါင်းမျိုးနွယ်တွေ လို့ အဓိပ္ပါယ်ရပြီး အဲဒီမောရိယမင်းဆက်အနွယ်တစ်ပါးဖြစ်တဲ့ အာသောကဘုရင်ကြီးဆိုတာ ဒေသအသီးသီးကို မင်းလုပ်အုပ်ချုပ်နေကြတဲ့ ပဒေသရာဇ်တွေကို ပေါင်းစည်းပြီး တစ်နိုင်ငံတည်းဖြစ်အောင် စည်းရုံးပြီး ဧကရာဇ်မင်းဖြစ်လာတဲ့သူဖြစ်ပါတယ်တဲ့။ ဇွဲရှိ အကျင့်ကောင်းတဲ့ သူတွေဟာ ပြေးရင်းလွှားရင်းမှာကို မြို့နိုင်ငံတွေတည်ထောင်နိုင်ခဲ့ကြပါတယ်တဲ့။

အဲဒီဥပမာလိုပဲ - အခုခေတ်မှာ မြန်မာလူမျိုးတွေအားလုံးလည်း ခေတ်သစ် သမိုင်းသစ် တည်ထောင်ဖို့ ကြိုးစားကြရပါမယ်တဲ့။ စည်းလုံးညီညွှတ်ကြရပါမယ်တဲ့။ စည်းလုံးညီညွတ်ဖို့ဆိုတာကတော့ tolerance, forgiveness, forgetfulness ဆိုတဲ့သုံးချက်ပြည့်စုံရင် ရပါပြီတဲ့ အချင်းချင်း သီးခံကြရမယ် ခွင့်လွှတ်ကြရမယ် မေ့ပြစ်သင့်တာတွေကို မေ့ပြစ်နိုင်ကြရပါမယ်တဲ့။

အဓိကမှာကြားသွားတာကတော့ လုပ်ခစား လခစားဘ၀လေးတွေနဲ့ ကျေနပ်မနေကြပဲ ကိုယ့်တိုင်းပြည်ပြန် တည်ထောင်နိုင်သူ တွေဖြစ်အောင် ကြိုးစားကြဖို့ပါပဲ။ လူတိုင်း လူတိုင်း ကိုယ့်သမိုင်းမှာ မှတ်တိုင်ကောင်းတွေ အသီးသီးထူထောင်နိုင်အောင် ကြိုးစားကြပါလို့ မှာကြားသွားပါတယ် ...။

                                 ဒေါ်ရွှေမာသန်း (ခေတ္တ-ကိုရီးယား)

No comments:

Post a Comment