Saturday 5 January 2013

အပိုင်း (၂) - ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၂)

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၂)
အောင်ထူး (ရှေ့နေ)

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားဆောင်ရွက်နိုင်သူအဖြစ် အသိအမှတ်ပြုကာ နိုဗယ်ဆု ရထားခြင်းဖြစ်သည်။ ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌလည်း ဖြစ်သည်။ ဥပဒေစိုးမိုးရေး မရှိလျှင် မည်သည့်အခါတွင်မျှ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ကြောင်း သူမ အသိဆုံးပင်။ သို့ပါလျက် သိန်းနှင့်ချီသည့် ကချင်လူထုများ စစ်ပြေးဒုက္ခသည်ဖြစ်နေသည်အထိ မီးဟုန်းဟုန်းတောက်နေသည့် ကချင်ပြည်တွင်းစစ်ကို ဥပဒေစိုးမိုးရေးရှုထောင့်မှနေ၍ ချဉ်းကပ်ဆောင်ရွက်ခြင်း မရှိသေးသည်မှာ ၀မ်းနည်းဖွယ်ဖြစ်သည်။

လက်ရှိ ကချင်ပြည်တွင်းစစ်ကို အရေးယူဆောင်ရွက်ရင်း တပြည်လုံး ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်နိုင်မည့် အခွင့်အလမ်း ရှိနေပါလျက် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် လူထုခေါင်းဆောင်သည် အဘယ်ကြောင့် လုံးဝပင် ငြိမ်သက်တိတ်ဆိတ်နေသည်ကို နားမလည်ပါ။ ပြည်တွင်းငြိမ်းချမ်းရေးပြသနာအား ဥပဒေစိုးမိုးရေးနှင့် ဆက်စပ်ဆွေးနွေးပါမည်။ ဥပဒေ၏သဘော အခြေခံမှ စတင် တင်ပြပါမည်။

လူ့အဖွဲ့အစည်း၊ လူမှုဗေဒနှင့် ဥပဒေ

ဥပဒေသည် လူ့အဖွဲ့အစည်းအတွင်းရှိ အရာကိစ္စတိုင်းကို မလွှမ်းခြုံပါ။ နေရာတကာတွင် ဥပဒေနှင့် ဖြေရှင်း၍မရ၊ ဖြေလည်း မဖြေရှင်းသင့်ပါ။ သို့ရာတွင် ဥပဒေအား လူ့အဖွဲ့အစည်းက မွေးထုတ်ပေးလိုက်သဖြင့် ဥပဒေပြဿနာများ [i] အား စဉ်းစားသုံးသပ်ရာတွင် လူ့အဖွဲ့အစည်း [ii] နှင့် ကင်းကွာ၍ မရပါ။ ဥပဒေသည် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတရပ်မျှသာ ဖြစ်သည်။

“ကချင်စစ်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ဥပက္ခာပြုမထားသင့်တော့ပါ။ တပြည်လုံး ပြည်တွင်းငြိမ်းချမ်းရေးအတွက် စတင်လှုပ်ရှားရန် အခွင့်အလမ်းအနေဖြင့် မှတ်ယူပြီး အမြန်ဆုံး အရေးယူဆောင်ရွက်သင့်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ တာဝန်ယူထားသော ဥပဒေစိုးမိုးရေးကော်မတီကို အသုံးချဆောင်ရွက်ရန် ကြိုးပမ်းနိုင်လျှင် သင့်လျော်ပါမည်။ ဘယ်အလုပ်ကို လုပ်ပါဟု သမ္မတ ဦးသိန်းစိန်က တာဝန်ပေးမှ ဥပဒေစိုးမိုးရေးကော်မတီအနေဖြင့် အလုပ်လုပ်၍ ရနိုင်မည်ဟူလျှင်မူ ဥက္ကဌနေရာမှ အမြန်ဆုံး ထွက်သင့်ပါသည်။ လူထုက အားကိုးသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကြီးသည် အစိုးရ၏ ခိုင်းဖတ်မဖြစ်သင့်ပါ။ မိမိကိုယ်တိုင်၏ လွတ်လပ်သော ဦးဆောင်မှုဖြင့် ကမကထပြု ဖော်ဆောင်ခြင်းသည်သာ အသင့်မြတ်ဆုံး ဖြစ်ပါမည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်နိုင်ပါမည်ဟူ၍ မက်လုံးချပေးထားသည်ကို ဟုတ်ယောင်နိုးနှင့် စစ်ခေါင်းဆောင်များ မနှစ်သက်မှာ စိုးရိမ်သဖြင့် တိုင်းပြည်နှင့်လူထုအတွက် လက်တွေ့နှင့် အမြန်ဆုံး လိုအပ်နေသော ငြိမ်းချမ်းရေးကိစ္စများအား လက်ရှောင်တာမျိုးဖြစ်လျှင် မသင့်တော်ပါ။”

လူ့အဖွဲ့အစည်းက ဥပဒေကို လွှမ်းမိုးသည်။ တချိန်တည်းမှာပင် လူ့အဖွဲ့အစည်းက ဥပဒေအပေါ် မှီလည်း မှီခိုရသည်။ သို့ဖြစ်၍ လူ့အဖွဲ့အစည်းနှင့် ဥပဒေသည် နီးကပ်သည့် ဆက်ဆံရေး [iii] ရှိသည်။ လူ့အဖွဲ့အစည်းအကြောင်းကို လေ့လာသည့် လူမှုဗေဒပညာ [iv] နှင့် ဥပဒေ [v] သည် ဆက်စပ်လျက်ရှိသည်။ တချိန်တည်းမှာပင် ယင်းနှစ်ခုသည် သီးခြားစီလည်း ဖြစ်သည်။ လူမှုဗေဒပညာက ကျယ်ပြန့်၍ ယျေဘုယျဆန်သည်။ လူ့အဖွဲ့အစည်းတခုလုံးကို လေ့လာသည်။ ဥပဒေက ကျဉ်းမြောင်း၍ တိကျသည်။ လူ့အဖွဲ့အစည်း၏ လူမှုနိုင်ငံရေးရှုထောင့်များ [vi] မှသာ လေ့လာသည်။ ဥပဒေက အခိုင်အမာ အချက်အလက်ရှိသော ဖြစ်ရပ်များကိုသာ စူးစိုက်သည်။ အခိုင်အမာ အချက်အလက် မရှိသည့် ဖြစ်ရပ်များကို မစူးစိုက်။ လူမှုဗေဒပညာက နှစ်ခုလုံး [vii] ကို စူးစိုက်သည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားအရေးကို လူမှုဗေဒနှင့် ဥပဒေအခြေခံများမှ မည်သို့ ချဉ်းကပ်မည်နည်း။

ပြည်ထောင်စု တည်ဆောက်ခြင်း၊ ပြည်ထောင်စု တည်ဆောက်ရာမှာ ပါဝင်ခြင်း၊ ညီညွတ်ခြင်း၊ ပြိုကွဲခြင်း၊ ပေါင်းစည်းလိုစိတ်ရှိခြင်း၊ ခွဲထွက်လိုစိတ်ရှိခြင်း ... စသည်တို့အား လူ့အဖွဲ့အစည်းတခုလုံး တည်ရှိနေသည့် အနေအထားများအပေါ်တွင် အခြေပြု၍ လူမှုဗေဒပညာက လေ့လာသည်။ အင်္ဂလိပ်နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေစဉ် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်စည်းရုံးမှုအရ လူများစုဖြစ်သည့် မြန်မာများနှင့် အတူတကွ လွတ်လပ်ရေး အရယူရန် ရှမ်း၊ ကချင်၊ ချင်း ... စသည့် တိုင်းရင်းသားများက ဆုံးဖြတ်ခဲ့ကြသည်။ ဤအခြေအနေကြီးတရပ်လုံးမှာ လူမှုဗေဒနှင့် ဆိုင်သည်။ ဥပဒေနှင့် အကျုံးမ၀င်သေးပါ။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို စုပေါင်း လက်မှတ်ရေးထိုးလိုက်ကြသောအခါ ယင်းစာချုပ်သည် လူမှုဗေဒအရ လူ့အဖွဲ့အစည်း၏ အဆင့်အမြင့်ဆုံး သဘောတူညီချက် ဖြစ်သွားခဲ့သည်။ ဤအဆင့်အထိလည်း ဥပဒေ၏ အခန်းကဏ္ဍ မပါသေးပါ။

ပင်လုံစာချုပ်ကို လက်တွေ့အရ မည်သို့ အကောင်အထည်ဖော်မည်နည်း ဟူရာတွင်မူ ဥပဒေကိစ္စ ဖြစ်လာသည်။ လူ့အဖွဲ့အစည်း၏ အဆင့်အမြင့်ဆုံး သဘောတူညီချက်ကို စနစ်တကျ ဖော်ဆောင်ရေးအတွက် ဥပဒေ၏ အခန်းကဏ္ဍ လိုအပ်လာသည်။ ပင်လုံစာချုပ်ကို ဖော်ဆောင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်နှင့် အခြားလိုအပ်သော ဥပဒေတစုံလုံးကို အတည်ပြုကျင့်သုံးရပါမည်။ ယင်းသို့ အတည်ပြုပြီးသော ဥပဒေများကို ပြန်လည်မှီခိုကာ လူ့အဖွဲ့အစည်းတရပ်လုံး လည်ပတ်စေရပါမည်။ ဤသည်မှာ မြန်မာနိုင်ငံ လက်တွေ့အရ လူ့အဖွဲ့အစည်းနှင့် ဥပဒေဆက်စပ်လည်ပတ်မှု ဖြစ်သည်။ လူမှုဗေဒ သဘောအရ ပြည်ထောင်စုတခုလုံး တည်ဆောက်မှု၏ အခြေခံသည် ပင်လုံစာချုပ်ဖြစ်သည်။ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွေ့ အကောင်အထည်ဖော်ရမည့် ဥပဒေများသည် ယင်းစာချုပ်၏ အခြေခံကို ဆန့်ကျင်၍ မရပါ။

ပင်လုံစာချုပ်ကို ဘက်နှစ်ဘက်မှ ရှုမြင်ဖို့ လိုသည်။ တဘက်တွင် ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် ပါဝင်သည့် ပြည်နယ်များ၏ တာဝန်ဖြစ်သည်။ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် ပါဝင်ရန် သဘောတူလိုက်သည့်အချိန်တွင် လွတ်လပ်သည့် သီးခြားနိုင်ငံ တည်ထောင်ခွင့်ကို လက်လွှတ်လိုက်ရသည်။ အခြားတဘက်တွင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ အခွင့်အရေး ဖြစ်သည်။ စာချုပ်အရ ပြည်နယ်တခုစီအတွင်းတွင် ဒီမိုကရေစီအခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးနှစ်ရပ် ပေးရသည်။ ဤနှစ်ခုလုံးကို တပြိုင်နက် ထိန်းသိမ်းနိုင်မှသာ ပင်လုံစာချုပ်ကို ဖော်ဆောင်ခြင်းဖြစ်ပါမည်။

လက်ရှိအချိန်တွင် မည်သည့်တိုင်းရင်းသားအင်အားစုမျှ လွတ်လပ်သည့် သီးခြားနိုင်ငံ တည်ထောင်ရန် တိုက်ပွဲဝင်နေခြင်းမရှိပါ။ တိုင်းရင်းသားများသည် ပင်လုံစာချုပ်၏ ဘက်တဘက်ကို လိုက်နာနေပြီးဖြစ်သည်။ ပြဿနာမှာ တန်းတူရေးအပေါ် အခြေခံသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးအခွင့်အရေးများအား တိုင်းရင်းသားများ မရရှိသေးခြင်းဖြစ်သည်။ တိုင်းရင်းသားများအနေဖြင့် ယင်းအခွင့်အရေးများ မရမချင်း ပြည်တွင်းစစ်မီးကို ငြှိမ်းနိုင်မည် မဟုတ်ပါ။

တိုင်းရင်းသားများအတွက် နိုင်ငံရေးအခွင့်အရေး ရရှိရေးနှင့် အပစ်ရပ်ရေး ဘယ်ဟာ အရေးကြီးသလဲ။ အပစ်ရပ်လိုက်ရုံမျှနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရမည်လား။

လူထုအများစု၏ နားလည်မှုမှာ အပစ်ရပ်လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရမည်ကဲ့သို့ ဖြစ်နေသည်။ “အပစ်အခတ် ချက်ချင်းရပ်” ဟူသည့် ဆန္ဒပြတောင်းဆိုမှုအချို့ကို တွေ့ရသည်။ တိုက်ပွဲများ မဖြစ်စေလိုသည့်အတွက် စေတနာကောင်းနှင့် တောင်းဆိုသူ လူထုများ၏ ဆန္ဒကို လေးစားရပါမည်။ သို့ရာတွင် တိုင်းရင်းသားများ တောင်းဆိုနေသော နိုင်ငံရေးအခွင့်အရေးကို ပထမဦးစွာ ပေးအပ်ဖို့ လိုသည်။ အပစ်ရပ်ရေးမှာ ဒုတိယ ဦးစားပေးသာ ဖြစ်သင့်သည်။

ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) သည် ၁၇ နှစ်တာ အပစ်ရပ်ခဲ့သည်။ သို့ရာတွင် မည်သည့် နိုင်ငံရေးအခွင့်အရေးမျှ မရခဲ့ပါ။ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်ဖြစ်လာခဲ့ပြီးနောက် ကေအိုင်အိုအနေဖြင့် ပင်လုံစာချုပ်ကို ကိုးကားလျက် ကချင်အမျိုးသားများ အပါအ၀င် တိုင်းရင်းသားများ ရသင့်သည့် နိုင်ငံရေးအခွင့်အရေးများ ရရှိရေးအတွက် အဓိက ဆွေးနွေးရန် တောင်းဆိုလာခဲ့သည်။ စာရေးသူသည် ကချင်လူမျိုးမဟုတ်၊ မြန်မာတဦးသာဖြစ်သည်။ စာရေးသူအနေဖြင့်မူ ကေအိုင်အို၏ တောင်းဆိုချက် လမ်းမှန်သည်ဟု ယူဆသည်။ တနှစ်ခွဲကြာသွားခဲ့ပြီဖြစ်သော်လည်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသည် ကေအိုင်အိုက တောင်းဆိုသည့် နိုင်ငံရေးဆွေးနွေးမှုကို တိတိကျကျ မလုပ်၊ တရားဝင် မလုပ်။ ဟိုလိုလို သည်လိုလိုနှင့် အချိန်ဆွဲလာခဲ့သည်။

အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများမှာလည်း အလားတူပင် ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အလွတ်သဘော တွေ့ဆုံမှုများဖြင့်သာ ချွေးသိပ်ထားခဲ့သည်။ မည်သည့်အဖွဲ့၏ တောင်းဆိုချက်ကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းကာ ဥပဒေပါ အခွင့်အရေးအဖြစ် ပြဌာန်းပေးလိုက်သည်ဟူ၍ တကြိမ်တခါမျှ မရှိ။ ၂၀၀၈ ဖွဲ့စည်းပုံကို မထိမခိုက် ထားရှိပြီး ယင်းအောက်ကိုသာ တနည်းမဟုတ်တနည်းနှင့် ဆွဲသွင်းရန် အစိုးရက တဘက်က ကြိုးစားလာခဲ့သည်။ အခြားတဘက်က အပစ်အခတ်ရပ်စဲရေးကိုသာ ဖိအားပေးခဲ့သည်။ ကေအိုင်အိုကို တိုက်နေသော စစ်တွင် ဦးသိန်းစိန်အစိုးရ၏ နည်းဗျူဟာရည်မှန်းချက်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရေးအတွက် စစ်ရေးအရ ဖိအားပေးရန် ဖြစ်သည်။ မဟာဗျူဟာ ရည်မှန်းချက်မှာ ကချင်ပြည်နယ်အတွင်းရှိ မြေယာကို ထင်သလို စီမံခန့်ခွဲခွင့်ရရန်၊ အဓိကအားဖြင့် ဖားကန့် ကျောက်စိမ်းမြေကို ပြန်လည်ထိန်းချုပ် အမြတ်ထုတ်ရန်ဖြစ်သည်။

ကချင်စစ်ပွဲ

ဒီဇင်ဘာလ ၁၄ ရက်နေ့ကပင် ၁၂၀ နှင့် ၁၀၅ မီလီမီတာ လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များကို သုံးကာ အစိုးရစစ်တပ်က လိုင်ဇာကို ထိုးစစ်ဆင်ခဲ့သည်။ ခရစ်စမတ်ကာလအတွင်းမှာပင် အမြောက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။ အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်ခြင်း၊ မတရားမှုပြုနေခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် နိုဗယ်ဆု ရထားသော လူထုခေါင်းဆောင်သည် ဤစစ်ပွဲမှာ သူမနှင့် မည်သို့မျှ ပတ်သက်ခြင်းမရှိဟုများ သဘောထားနေလေရော့သလားဟု မပြောရက်ပါ။ သို့သော် ဤသို့ ပြောရမလို ဖြစ်နေသည်။ ငြိမ်သက်လွန်းလှသည်။

ကချင်စစ်ပွဲသည် “အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်ခြင်း၊ မတရားမှုပြုခြင်း” ထက်ပိုသော အဓိပ္ပာယ်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဦးဆောင်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်အပေါ် အခြေပြု၍ ကချင်ပြည်နယ်သည် ပြည်ထောင်စုအတွင်းသို့ ပါဝင်လာခဲ့သည်။ ပင်လုံစာချုပ်၏ တရားဝင် ခိုင်ကျည်မှုကို ယနေ့အထိ မည်သူမျှ မငြင်းနိုင်။ ပင်လုံစာချုပ်အရ ကချင်တို့သည် မိမိတို့ပြည်နယ်ကို မိမိတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည်။ မိမိတို့ ပြည်နယ်အစိုးရကို မိမိတို့ ရွေးချယ်တင်မြှောက်ခွင့်ရှိသည်။ မိမိတို့မြေယာကို မိမိတို့ စီမံခန့်ခွဲခွင့်ရှိသည်။ ပြည်ထောင်စုအစိုးရအနေဖြင့် ကချင်ပြည်နယ်အတွင်းမှ မြေပေါ်မေအောက် သယံဇာတများကို တူးဖော်ထုတ်လုပ်ရောင်းချလိုသည်ဆိုလျှင် ကချင်လူထုထံမှ သဘောတူညီချက် ယူရမည်။ ကချင်ခေါင်းဆောင်များနှင့် ညှိရမည်။

ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသားပြည်နယ်များ ပြည်ထောင်စုအဖွဲ့ဝင် ဖြစ်လာခြင်းမှာ မိမိတို့ ပြည်နယ်အတွင်းရှိ မြေယာများအား ပြည်ထောင်စုအစိုးရက ထင်သလို စီမံခန့်ခွဲပါဟု ၀ကွက် အပ်နှံလိုက်ခြင်းမဟုတ်။ မိမိတို့ပြည်နယ်အား မိမိတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံများကို မပျက်စေဘဲ ပြည်ထောင်စုအတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်သည်။ ဤသဘောတရားသည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအားလုံးကို လွှမ်းခြုံသည်။ မည်သည့် ပြည်ထောင်စုအစိုးရတွင်မျှ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွင်းရှိ မြေယာအပေါ် ထင်သလို စီမံခန့်ခွဲခွင့်မရှိပါ။ ယခုလက်ရှိ ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသစ်တွင် ပို၍ပင် မရှိပါ။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုအစိုးရစစ်စစ် မဟုတ်သောကြောင့်ဖြစ်သည်။

မြေယာအပေါ် စီမံခန့်ခွဲခွင့်ကို လက်ပံတောင်းတောင်နှင့် ဖားကန့် နှိုင်းယှဉ်ခြင်း

လက်ပံတောင်းတောင်သည် စစ်ကိုင်းတိုင်းတွင် ရှိသည်။ ဖားကန့်သည် ကချင်ပြည်နယ်တွင် ရှိသည်။ ၄င်းဒေသနှစ်ခု၏ တူညီချက်နှင့် ကွာခြားချက်တို့ကို နှိုင်းယှဉ်ကြည့်ကြရအောင်ပါ။ လက်ပံတောင်းတောင်ရှိ လယ်သမားများတွင် လယ်မြေကို တဦးချင်း ပိုင်ဆိုင်ခွင့် (လယ်လုပ်သူ လယ်ပိုင်ခွင့်) နှင့် ၄င်းတို့ အခြေစိုက် နေထိုင်လျက်ရှိသော ကျေးရွာဝန်းကျင်ရှိ မြေယာများအား စုပေါင်းအသုံးချခွင့်ရှိသည်။ ဆိုလိုသည်မှာ လက်ပံတောင်း ဒေသခံလူထုတွင် တဦးချင်း အခွင့်အရေးနှင့် စုပေါင်းအခွင့်အရေးများ ဟူ၍ အခွင့်အရေးနှစ်ရပ် ရှိသည်။ ထိုနည်းတူစွာပင် ဖားကန့်ဒေသခံ ကချင်လူထုတွင်လည်း အလားတူ အခွင့်အရေးနှစ်ရပ် ရှိသည်။ ကွာခြားချက်သည် အဘယ်နည်း။

စစ်ကိုင်းတိုင်းသည် ပြည်နယ်မဟုတ်ပါ။ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်သည် အဆင့်အတန်းချင်း မတူပါ။ ကချင်ပြည်နယ်သည် ပင်လုံစာချုပ်အခြေခံတွင် ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်လာသော အဖွဲ့ဝင်ယူနစ်ကြီး [viii] တခု ဖြစ်သည်။ စစ်ကိုင်းတိုင်းသည် ယင်းသို့မဟုတ်ပါ။ စစ်ကိုင်းတိုင်းသည် စာရေးသူကဲ့သို့သော မြန်မာလူမျိုးအများစု နေထိုင်ရာ ဒေသကြီး တနည်းအားဖြင့် (ပြည်ထောင်စု အဖွဲ့ဝင်ယူနစ်ကြီး) ၏ အစိတ်အပိုင်းတရပ်သာ ဖြစ်သည်။ စစ်ကိုင်းတိုင်း တခုတည်းက ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်သည့် အဖွဲ့ဝင်ယူနစ်ကြီးတခု မဟုတ်ပါ။ သို့ဖြစ်၍ ပြည်နယ်ဟု မခေါ်ဘဲ တိုင်းဟုသာ ခေါ်ထားခြင်းဖြစ်သည်။

ပြည်နယ်အတွင်း နေထိုင်သော လူထုက တိုင်းအတွင်း နေထိုင်သော လူထုထက် သာလွန်သည့် အခွင့်အရေးတရပ် ရှိသည်။ ယင်းမှာ မြေယာအပေါ် ပြည်နယ်များအလိုက် စီမံခန့်ခွဲခွင့်ဖြစ်သည်။ တိုင်းများသည်လည်း ယင်းအခွင့်အရေးကို လိုချင်လျှင် တိုင်းများအားလုံးကို စုပေါင်း၍ ပြည်နယ်တခုအဖြစ် ပြန်လည်ဖွဲ့စည်းရပါမည်။ ပြည်ထောင်စုအဖွဲ့ဝင် ယူနစ်တခုအဖြစ် အသွင်ပြောင်းရပါမည်။

မြေယာအပေါ် စီမံခန့်ခွဲခွင့်သည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအပေါ် အခြေခံသည့် လုပ်ပိုင်ခွင့်အာဏာအတွင်းတွင် ပါဝင်သည်။ ဤသည်ကို “နိုင်ငံတော် ” ဟူသော စကား၏ အဓိပ္ပာယ်နှင့် ဆက်စပ်လျက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ တွင် အောက်ပါ ရှင်းလင်းဖွင့်ဆိုချက်တွင် လေ့လာနိုင်သည်။ “နိုင်ငံတော် ” ဟူသော စကားမှာ ပြည်ထောင်စုနိုင်ငံ၏ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်၏ အုပ်ချုပ်မှု အခွင့်အာဏာကိုသော်လည်းကောင်း၊ ဥပဒေပြုမှု အခွင့်အာဏာကိုသော်လည်းကောင်း ဆိုလိုသည်။

၎င်းအရ “နိုင်ငံတော်” ဟူသော စကားလုံးကို ပြည်ထောင်စုတခုတည်းက ကိုယ်စားပြုသုံးစွဲခွင့် ရှိသည်မဟုတ်။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များလည်း ကျင့်သုံးခွင့်ရှိသည်။ လက်တွေ့အရ မြေယာအပေါ် စီမံခန့်ခွဲခွင့်ကို ပြည်ထောင်စုနှင့် ပြည်နယ် ပူးတွဲ၍ ကျင့်သုံးခွင့်ရှိသည်ဟု မှတ်ယူရပါမည်။ ယင်းမှာ ပြည်ထောင်စု၏ ပူးပေါင်းစုစည်းမှု သဘောကိုလည်း ပြ၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုချင်းစီ၏ စီမံခန့်ခွဲခွင့်ကိုလည်း အသိအမှတ်ပြုရာရောက်သည်။ အဖွဲ့ဝင် ပြည်နယ်တခု၏ ဓနချမ်းသာအား လိုအပ်ပါက ပြည်ထောင်စုအဖွဲ့ဝင် အခြားပြည်နယ်များ၏ အကျိုးစီးပွားအတွက် မျှဝေခံစားခွင့်ရကြစေရန် ဦးတည်သည်။ ဤသည်မှာ ပင်လုံစာချုပ်၏ အခြေခံနှင့် ကိုက်ညီကြောင်း တွေ့ရပါမည်။

ပြည်ထောင်စုတခုလုံး၌ လက်ရှိဖြစ်ပေါ်နေသောပြဿနာမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ကိုးကားလျက် “နိုင်ငံတော်” ဟူသည်ကို ဦးသိန်းစိန်အစိုးရ တခုတည်းက ကိုယ်စားပြုသုံးစွဲကာ ကချင်ပြည်နယ် အပါအ၀င် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွင်းရှိ မြေယာများအပေါ် အစိုးရအနေဖြင့် ထင်သလို စီမံခန့်ခွဲနေခြင်းဖြစ်သည်။ တိုင်းရင်းသားပြည်နယ်တိုင်းနီးပါး၌ ဒေသခံ ပြည်နယ်လူထု၏ စီမံခန့်ခွဲခွင့်နှင့် အကျိုးစီးပွားမှာ ပျောက်ဆုံးလျက်ရှိနေသည်။

ဖားကန့် ကျောက်စိမ်းမြေကို စီမံခန့်ခွဲမှု ပြဿနာ

ဦးသိန်းစိန်အစိုးရသည် ပြည်ထောင်စုအဖွဲ့ဝင် ကချင်ပြည်နယ်အတွင်းရှိ ကချင်လူထု ရသင့်သည့် နိုင်ငံရေးအခွင့်အရေး မပေးဘဲ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန်သာ ကေအိုင်အိုအား ဖိအားပေးကာ ထိုးစစ်များ ဆင်နွှဲလျက်နေသည်။ “သမ္မတဦးသိန်းစိန်က အပစ်ရပ်ဖို့ သူ့တပ်ကို အမိန့်ပေးထားတယ်လို့ တဘက်က ပြောနေပေမယ့် အခြားတဘက်ကတော့ လက်နက်ကြီးတွေ စစ်ရဟတ်ယာဉ်တွေပါ သုံးပြီး ကေအိုင်အိုကို ထိုးစစ်ဆင်နေတယ်။” ဟု ထောက်ပြသူများ ရှိလာသည်။ လက်တွေ့အရ ယင်းထောက်ပြချက်များ မှန်ကန်ကြောင်း မည်သူမျှ မငြင်းနိုင်ပါ။

“စစ်တပ်က သမ္မတအမိန့်ကို မနာခံလို့ပဲ” ဟု ဝေဖန်သူများ ရှိလာသည်။ ယင်းဝေဖန်ချက်နှင့် စပ်လျဉ်း၍မူ လက်ခံသည့် အပိုင်းရှိသလို ဖြည့်စွက်ချင်သည့် အပိုင်းလည်း ရှိသည်။ လက်ခံရခြင်းမှာ သမ္မတအနေဖြင့် စစ်ခေါင်းဆောင်သစ်များ ကြီးစိုးထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ကို အမိန့်မပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ကာလုံက ပေးလိုက်သည့် ညွှန်ကြားချက်ကိုသာ ဦးသိန်းစိန်က လိုက်နာနေရခြင်းကြောင့်ဖြစ်သည်။ စစ်ခေါင်းဆောင်ဟောင်းဖြစ်သော ဦးသိန်းစိန်သည် စစ်ခေါင်းဆောင်သစ်များဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့ကို အမိန့်ပေးနိုင်သူ မဟုတ်၍ ဖြစ်သည်။

ဤသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ၏ လက်တွေ့ဖြစ်သည့်အပြင် ဤဖွဲ့စည်းပုံ တည်ရှိနေသမျှ လူထုတရပ်လုံး ရင်ဆိုင်ရမည့် ပြဿနာကြီးလည်းဖြစ်သည်။ ဖြည့်စွက်ချင်သည့် အပိုင်းမှာ ကေအိုင်အိုကို ထိုးစစ်များ ပြန်လည်ဆင်နွှဲနေခြင်းမှာ သမ္မတနှင့် စစ်ခေါင်းဆောင်များအကြားတွင် သဘောထားကွဲလွဲ၍ မဟုတ်ပါ။ သဘောထားကွဲချင်ယောင်ပြု၍ ထိုးစစ်ဆင်နေခြင်းသာဖြစ်သည်။ အဘယ်ကြောင့်နည်း။ စီးပွားရေးအကျိုးအမြတ်ကြောင့်ဖြစ်သည်။ ဖားကန့် ကျောက်စိမ်းဒေသကို ပြန်လည်လွှမ်းမိုး အမြတ်ထုတ်လိုခြင်းနှင့် ကေအိုင်အိုက လိုင်ဇာမှတဆင့် ထိမ်းချုပ်ထားသည့် တရုတ်နှင့် ကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးလိုခြင်းတို့ကြောင့်ဖြစ်သည်။

ဖားကန့်ဒေသ၏ အခြေအနေကို အကြမ်းဖျင်း လေ့လာကြည့်ရအောင်ပါ။ ဖားကန့်ဒေသမှ ထွက်သော ကျောက်စိမ်းများအား ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချုပြီး နှစ်စဉ်ပင် စစ်အစိုးရအဆက်ဆက်က အမေရိကန်ဒေါ်လာ သန်းပေါင်း မြောက်မြားစွာ ရနေကြောင်း အားလုံးအသိဖြစ်သည်။ ဦးသိန်းစိန် အစိုးရတွင် ဘဏ္ဍာရေးအရ အကျပ်အတည်းနှင့် လက်ရှိ ရင်ဆိုင်ရလျက်ရှိသည်။ ကေအိုင်အိုနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက်တွင် ဦးသိန်းစိန် အစိုးရက ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင်ချပေးထားသည့် ကုမ္ပဏီကြီးငယ်ပေါင်း ၃၇၀ ကျော်မှာ လုပ်ငန်းများ ရပ်ဆိုင်းထားရသည်။ ၄င်းတို့ ရှာဖွေထားသည့် ကျောက်စိမ်းအမြောက်အမြားမှာ ဖားကန့်ဒေသမှ အပြင်သို့ မထုတ်နိုင်သေးဘဲ ဂိုဒေါင်များအတွင်း ယခုတိုင် အောင်းလျက်ရှိနေသည်။

အစိုးရနှင့် ကေအိုင်အိုအကြား စစ်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက်တွင် ဖားကန့်ကျောက်စိမ်းမြေ အများစုကို ကေအိုင်အိုက ပြန်လည်ထိမ်းချုပ်ထားနိုင်ခဲ့သည်။ ကုမ္ပဏီတခုလျှင် အစောင့်သဘော ငါးဦးမှ ဆယ်ဦးအကြားတွင်သာ ဆက်လက်နေထိုင်ခွင့်ပေးပြီး ကျန်သူအားလုံးကို ဖားကန့်မှ ထွက်ခွာခိုင်း၊ တူးဖော်ရေးလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းခိုင်းထားလိုက်သည်။ ပုဂ္ဂလိကပိုင် ကုမ္ပဏီဟူ၍ အမည်ခံ လုပ်ဆောင်နေကြသဖြင့် ၄င်းတို့၏ ပစ္စည်းများအား ကေအိုင်အိုက ၀င်ရောက်နှောင့်ယှက် ဖျက်ဆီးခြင်းမပြု။ စင်စစ်အားဖြင့်မူ ကျောက်စိမ်းတူးဖော်ခွင့် ရထားသည့် ကုမ္ပဏီကြီးများတွင် အစုရှယ်ယာပါသူ အတော်များများမှာ စစ်ခေါင်းဆောင်ဟောင်းသစ်များနှင့် ၄င်းတို့၏ ဆွေမျိုးသားချင်း များ၊ ခရိုနီများ ဖြစ်နေကြောင်း ကြားရသည်။ ချုပ်၍ တင်ပြရလျှင် ကျောက်စိမ်းတူးကုမ္ပဏီများ၏ ဂိုဒေါင်ကြီးများတွင် အောင်းနေသော ကျောက်စိမ်းများအား အမြန်ဆုံး ထုတ်ယူကာ နေပြည်တော်တွင် ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်း (မတ်လ ဖြစ်မည်ဟု ခန့်မှန်းရသည်။) တွင် ခင်းကျင်းပြသမည့် ရတနာပြပွဲတွင် ရောင်းချရန် ဖြစ်သည်။ ထို့ကြောင့် ကေအိုင်အိုကို စစ်ရေးအရ ဖိအားပေး အပစ်ရပ်ခိုင်းပြီး ဖားကန့် ကျောက်စိမ်းဒေသကို ထင်သလို အမြတ်ထုတ်ရန်မှာ ဦးသိန်းစိန်အစိုးရနှင့် ကာလုံ၏ ရည်မှန်းချက် ဖြစ်နေသည်။

ကချင်စစ်ပွဲ၏ အနှစ်သာရကို သုံးသပ်ခြင်း

ကချင်ပြည်နယ်ကို ထိန်းချုပ်နိုင်ရေးအတွက် စစ်အစိုးရအဆက်ဆက်က တပ်ရင်းပေါင်း ၄၀ ခန့် တပ်စွဲထားရကြောင်း၊ ကေအိုင်အိုနှင့် စစ်ပွဲများ ပြန်ဖြစ်လာပြီးနောက် မြန်မာနိုင်ငံတ၀ှမ်းမှ နောက်ထပ် တပ်ရင်းပေါင်း ၄၀ ခန့်အား ထပ်မံ ခေါ်ယူကာ ကေအိုင်အိုအား ထိုးစစ်ဆင်လျက်ရှိကြောင်း စစ်ရေးကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ တပ်ရင်း ၈၀ ခန့်အတွက် နေ့စဉ်ကုန်ကျစရိတ်များ မည်မျှ များပြားမည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်သည်။ ပြည်ထောင်စုအတွင်းရှိ လူထုကြီးတရပ်လုံး၏ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးတို့အတွက် သုံးရမည့်ငွေများအား စစ်တပ်တခုတည်းက အလဟဿ ဖြုန်းတီးလျက်ရှိသည်။ ၄င်းတို့ ဘာအတွက် စစ်တိုက်နေကြသနည်း။

ငြိမ်းချမ်းရေးအတွက် လေ့လာရေးခရီးအဖြစ် ကိုမင်းကိုနိုင် ကချင်ပြည်နယ် အတွင်းသို့ သွားရောက်ခဲ့သည်ကို တန်ဖိုးထားရပါမည်။ ပြည်တွင်းငြိမ်းချမ်းရေး ရစေလိုသော ၄င်း၏ စေတနာကို အသိအမှတ်ပြုရပါမည်။ ဖားကန့်ဒေသတွင် လက်နက်ကြီးနှင့် ပစ်ခတ်မှုများအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးနောက် ကိုမင်းကိုနိုင်က “တဘက်နှင့်တဘက် ကျည်ဆန်တလုံးကို ကျပ်သိန်းသုံးဆယ်လောက်တန်တဲ့ လက်နက်ကြီးတွေနဲ့ ပစ်နေကြတယ်ဗျာ။ အဲဒီငွေတွေကို လူထု ပညာရေး၊ ကျန်းမာရေးအတွက် သုံးလိုက်ရင် ဘယ်လောက်ကောင်းမလဲ။” ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ကြားရသည်။


“လက်ရှိအချိန်တွင် မည်သည့်တိုင်းရင်းသားအင်အားစုမျှ လွတ်လပ်သည့် သီးခြားနိင်ငံ တည်ထောင်ရန် တိုက်ပွဲဝင်နေခြင်းမရှိပါ။ တိုင်းရင်းသားများသည် ပင်လုံစာချုပ်၏ ဘက်တဘက်ကို လိုက်နာနေပြီးဖြစ်သည်။ ပြဿနာမှာ တန်းတူရေးအပေါ် အခြေခံသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးအခွင့်အရေးများအား တိုင်းရင်းသားများ မရရှိသေးခြင်းဖြစ်သည်။ တိုင်းရင်းသားများအနေဖြင့် ယင်းအခွင့်အရေးများ မရမချင်း ပြည်တွင်းစစ်မီးကို ငြှိမ်းနိုင်မည် မဟုတ်ပါ။”

စင်စစ်အားဖြင့်မူ တဘက်နှင့်တဘက် လက်နက်ကြီးများနှင့် ပစ်ခတ်နေကြခြင်း မဟုတ်ပါ။ ဖားကန့်ဒေသတွင် အခြေပြု လှုပ်ရှားလျက်ရှိသော ကေအိုင်အေတပ်များတွင် ၁၂၀ မီလီမီတာ၊ ၁၀၅ မီလီမီတာ အစရှိသော လက်နက်ကြီးများ လုံးဝမရှိကြောင်း ဒေသခံလူထုများက ပြောကြပါသည်။ ကိုမင်းကိုနိုင်တို့ ကချင်ပြည်ခရီးထွက်နေစဉ် လက်နက်ကြီးများနှင့် ပစ်ခတ်သူမှာ ဦးသိန်းစိန်အစိုးရ၏ တပ်များဘက်ကသာ ဖြစ်သည်။ လူထုငွေများ မဖြုန်းတီးရေးကိစ္စကို ပြောဆိုကန့်ကွက်ရမည်မှာ ဦးသိန်းစိန်အစိုးရကို ဖြစ်သည်။ ကာလုံကိုသာ ဖြစ်သည်။

ပို၍ ထင်ရှားသည်မှာ ပြီးခဲ့သည့် ရက်သတ္တသုံးပတ်အတွင်းက ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် ဖြစ်သည်။ ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ဒီဇင်ဘာလ ၁၄ ရက်နေ့ တနေ့တည်း ထိုးစစ်ဆင်ခဲ့သည့်အတွက် ဦးသိန်းစိန်အစိုးရ၏ စစ်ပွဲကုန်ကျစာရိတ်မှာ ကျပ်သိန်းပေါင်း သိန်းတသောင်းခန့် ရှိမည်ဟု ခန့်မှန်းတွက်ချက်ကြသည်။ ယင်းငွေများအား လူထု၏ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးတို့အတွက်သာ သုံးစွဲသင့်ကြောင်း ဦးသိန်းစိန်အစိုးရကို ဖြစ်စေ၊ ကာလုံကို ဖြစ်စေ၊ မည်သူကမျှ ထိထိရောက်ရောက် ကန့်ကွက်ပြောဆိုသံ မကြားရပါ။ တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံးသည် မည်သို့လျှင် ဆင်းရဲတွင်းမှ ထွက်နိုင်ပါအံ့နည်း။ ဦးသိန်းစိန်အစိုးရ၏ စစ်ရေးအသုံးစရိတ်သည် ဤမျှနှင့် မရပ်သေးပါ။

ခရစ်စမတ်နေ့များ တ၀ိုက်မှာပဲ စရိတ်ကြီးလှသော လက်နက်ကြီးများနှင့် ပစ်ခတ်ပြီး ဆက်လက် ကုန်ကျခံကာ ထိုးစစ်ဆင်ရန် တာစူနေပြန်သည်။ အဘယ်ကြောင့်နည်း။ ကေအိုင်အိုဌာနချုပ် လိုင်ဇာကို စစ်ရေးအရ တဘက်က ဖိထားပြီး ဖားကန့်ကို ပြန်သိမ်းနိုင်လျှင် ငွေကြေးအရ ယခုကုန်ကျထားသည်ထက် အဆများစွာ အကျိုးအမြတ်ရမည်မှာ သေချာသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ဦးသိန်းစိန်အစိုးရက ကေအိုင်အိုကို ဆင်နွှဲနေသော စစ်၏အနှစ်သာရမှာ တိုင်းပြည်ငြိမ်းချမ်းမှု တည်ငြိမ်မှုအတွက် မဟုတ်။ စီးပွားရေးအကျိုးအမြတ်ကြောင့်သာ ဖြစ်ကြောင်းထင်ရှားသည်။ သို့ဖြစ်၍ လူထုစီးပွားရေး တိုးတက်စေရေးအတွက် လက်ရှိ ကချင်စစ်ပွဲကို သာဓကပြုလျက် ပြည်တွင်းငြိမ်းချမ်းရေးပြဿနာအား အဖြေရှာရန် လူတိုင်းတွင် တာဝန်ရှိလာသည်။ ကချင်စစ်ပွဲသည် ကချင်များနှင့်သာ သက်ဆိုင်သလိုမျိုး စဉ်းစားနေကြလျှင်မူ ဖျောက်သင့်ပါပြီ။

တိုင်းပြည်အတွင်းရှိ သဘာဝသယံဇာတများအား ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး ခံစားခွင့်ရရေးအတွက် ဥပဒေရှုထောင့်မှ ဘယ်လိုဆောင်ရွက်သင့်သလဲ။

(က) ဖွဲ့စည်းပုံအခြေခံဥပဒေ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တော့ အလုပ်မဖြစ်နိုင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ “နိုင်ငံတော်” ဟူသည်ကို ကိုယ်စားပြုကာ ပြည်ထောင်စုအစိုးရအမည်ခံ ဦးသိန်းစိန်အစိုးရက ပြည်နယ်များ၏ မြေယာများအပေါ် ထင်သလို စီမံခန့်ခွဲခွင့် ရနေသောကြောင့်ဖြစ်သည်။ ပြည်ထောင်စုက ကျောက်မျက်ရတနာများနှင့် စပ်လျဉ်း၍ လုပ်ပိုင်ခွင့်အားလုံးကို ရယူထားပြီး ကျောက်စိမ်း တကယ်ထွက်ရှိသည့် ကချင်ပြည်နယ်အတွက်မူ ကျောက်ဖြတ်တောက်ခြင်း၊ သွေးခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်မျှလောက်သာ ပေးထားသောကြောင့်လည်းဖြစ်သည်။ အခြားပြဌာန်းချက်များလည်း မြောက်မြားလှစွာ ရှိနေပါသေးသည်။ သို့ဖြစ်၍ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အား နိုင်ငံရေးအရ အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် လိုအပ်နေပါသည်။

(ခ) လက်ဝါးကြီးအုပ်မှုမှ ကာကွယ်သည့် ဥပဒေ

ကုမ္ပဏီတခု၊ အဖွဲ့အစည်းတခုက ဈေးကွက်ကို လက်ဝါးကြီးမအုပ်နိုင်ရန် လက်ဝါးကြီးအုပ်မှုမှ ကာကွယ်သည့် ဥပဒေ ( Anti-Trust Law ) တခုကို ပြဌာန်းရပါမည်။ ဂျပန်နိုင်ငံ အပါအ၀င် ဈေးကွက်ကို အဓိကထားပြီး စီးပွားရေးတိုးတက်မှုရအောင် လုပ်ဆောင်နေသည့် ဒီမိုကရေစီနိုင်ငံကြီးများတွင် အလားတူ ဥပဒေများ ပြဌာန်းကျင့်သုံးလျက်ရှိကြသည်။ ဖားကန့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း တခုတည်းမှာပင် ကုမ္ပဏီပေါင်း ၃၇၀ ကျော် လုပ်ကိုင်နေကြသည့်အနက် ကုမ္ပဏီတချို့ကသာ လက်ဝါးကြီးအုပ်ထားကြောင်းနှင့် ဒေသခံ ကချင်လူမျိုး ပိုင်သည့် ကုမ္ပဏီမှာ နှစ်ခုသာရှိကြောင်း လေ့လာရသည်။

(ဂ) သတင်းဆိုင်ရာ ဥပဒေ

စီးပွားရေးလုပ်ငန်းကြီးများ အပါအ၀င် တိုင်းပြည်မှာ ဖြစ်ပျက်နေသည့် အခြေအနေအရပ်ရပ်ကို လူထုများသိခွင့် [ix] ရှိစေရန် သတင်းဆိုင်ရာ ဥပဒေ [x] တခုကို ပြဌာန်းရပါမည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနှင့် ထိုင်းနိုင်ငံမှာပင် ယင်းဥပဒေကို ပြဌာန်းကျင့်သုံးလျက်ရှိကြောင်း လေ့လာနိုင်သည်။ သတင်းဆိုင်ရာ ဥပဒေ၏ သဘောမှာ တိုင်းပြည်၏ ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားသော ကိစ္စရပ်တချို့မှလွဲ၍ အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုအ၀၀ အားလုံးအား လူထုတွင် မေးမြန်းခွင့်ရှိကြောင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များက ဖြေကြားရမည်ဖြစ်ကြောင်း ပြဌာန်းထားရသည်။

သာဓကအားဖြင့် ကချင်ပြည်နယ်မှ ထွက်ရှိသည့် သဘာဝသယံဇာတ ကျောက်စိမ်းမှ နှစ်စဉ် ငွေကြေးမည်မျှ တိုင်းပြည်က ရရှိနေသနည်း။ မည်သူမျှ အတိအကျ မသိရပါ။ ယင်းငွေကြေးများအနက် ပြည်ထောင်စုအတွင်းရှိ အခြားပြည်နယ်များအတွက် သုံးလိုက်သည်ဆိုလျှင် မည်သည့်ပြည်နယ်၊ မည်သည့်လုပ်ငန်းအတွက် မည်မျှသုံးလိုက်ကြောင်း မသိရပါ။ မူရင်းခံစားခွင့်ရှိသည့် ကချင်ပြည်နယ်အတွက် မသုံးတာတော့ သေချာသည်။ ဝေးဝေးမကြည့်ပါနှင့်။ ကချင်ပြည်နယ် ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာခဲ့ပြီဖြစ်သော်လည်း မြစ်ကြီးနားမှ ဖားကန့်သို့ သွားသည့် ကားလမ်းမှာ မြေလမ်းသာသာ အဆင့်သာ ရှိသေးသည်။ အစိုးရနှင့် ကေအိုင်အိုအကြား လွန်ခဲ့သော တနှစ်ခွဲက စစ်ပွဲပြန်ဖြစ်ပြီးနောက် ကေအိုင်အိုက ချိုးလိုက်သည့် တံတားများအနက် အများစုကြီးမှာ ကေအိုင်အိုကပင် ဆောက်ပေးထားခဲ့သော တံတားများဖြစ်ကြောင်း လူထုက ပြောကြသည်။ ကချင်ပြည်နယ်က ထွက်သည့် သဘာဝသယံဇာတများကို အသုံးပြု၍ ကချင်လူထုဘ၀ တိုးတက်ဖွံ့ဖြိုးရေးအတွက် နှစ်ပေါင်း ၅၀ ကျော် စစ်အစိုးရများအဆက်ဆက် ဘာတွေ လုပ်ခဲ့ပါသနည်း။ တခုမျှ ရှာမတွေ့ပါ။

ဖားကန့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွင် ကုမ္ပဏီပေါင်း ၃၇၀ ကျော်အား ဦးသိန်းစိန်အစိုးရက လိုင်စင်များချပေးသည်ဆိုရာတွင် ယင်းကုမ္ပဏီများ၌ အစုရှယ်ယာဝင်များမှာ မည်သူတွေနည်း။ တဦးလျှင် မည်မျှအထိ အစုရှယ်ယာ ထည့်ဝင်ထားကြသနည်း။ ၄င်းတို့ ထည့်ဝင်ထားကြသည့် အစုရှယ်ယာများအတွက် တိုင်းပြည်ကို တရားဝင် အခွန်ဆောင်ထားပြီးပြီလား။ ကျောက်စိမ်းတူးဖော်ခွင့် ရရန် မည်သည့်ကုမ္ပဏီက မည်မျှ အခွန်ဆောင်ထားသနည်း။ အခွန်ငွေ စုစုပေါင်းမှာ တနှစ်လျှင် မည်မျှ ရှိသနည်း။ ပြည်သူလူထုတွင် သိခွင့်ရှိပါသည်။ သတင်းဆိုင်ရာ ဥပဒေ ပေါ်ထွက်လာလျှင် လူထု သိနိုင်မည့် လမ်းကြောင်း ပွင့်သွားနိုင်ပါသည်။ လူထုအကျိုးစီးပွားအတွက် သဘာဝသယံဇာတများကို အသုံးချရန် အကြံပေးခွင့်၊ ကြီးကြပ်လုပ်ဆောင်ခွင့်များ ရလာနိုင်သည်။

ဘယ်ဟာက မတရားတဲ့ ကျူးကျော်စစ်လဲ။ ဘယ်ဟာက တရားတဲ့ ခုခံစစ်လဲ

တိုင်းရင်းသားပြည်နယ်များမှ ထွက်ရှိသည့် သဘာဝသယံဇာတများမှ ၀င်ငွေများကို အသုံးပြု၍ စစ်အစိုးရ အဆက်ဆက်၏ ထိပ်သီးဗိုလ်ချုပ်ကြီးများ၊ ၄င်းတို့၏ ဆွေမျိုးသားချင်းများ၊ ခရိုနီများသာ ကြီးပွားချမ်းသာနေကြသည်။ စစ်အာဏာရှင်စနစ်၏ ဗဟိုချက်မ အနေဖြင့် နေပြည်တော်ကြီးကို ရွှေပြည်တော်ကြီးဖြစ်အောင် တည်ဆောက်နေကြသည်။ တိုင်းရင်းသားပေါင်းစုံလူထုကြီးမှာ ဆင်းရဲတွင်းနက်သည်ထက် နက်လာသည်။ စစ်အာဏာရှင်များ အာဏာတည်မြဲရေးအတွက် အသက်ပေး တိုက်ပွဲဝင်နေကြရသော အောက်ခြေတပ်မှူးများနှင့် ရဲဘော်များမှာ ကချင်ပြည်နယ်အတွင်းတွင် မတရားသော ကျူးကျော်စစ်ကို ဆင်နွှဲနေကြရသည်။ ဤသည်ကို ရပ်တန်းက ရပ်သင့်ပြီ။ ရဲဘော်ထု၏ အသက်များ မဆုံးရှုံးစေသင့်တော့။

ပင်လုံစာချုပ်အရ ကချင်ပြည်နယ် ရသင့်ရထိုက်သည့် နယ်တွင်းကိုယ်ပိုင်အုပ်ချုပ်ရေးကို အသိအမှတ်ပြုပါက စစ်အစိုးရ၏ တပ်များ ကချင်ပြည်နယ်မှ ထွက်ခွာသွားရုံသာ ရှိသည်။ အပစ်ရပ်သွားပါမည်။ ကေအိုင်အိုအနေဖြင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန်ပင် မလိုပါ။ အဘယ်ကြောင့်ဆိုသော် ကေအိုင်အိုသည် မြေပြန့်ဒေသကို ဆင်းလာပြီး ထိုးစစ်ဆင်မည်မဟုတ်၊ နေပြည်တော်ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်မည် မဟုတ်သောကြောင့် ဖြစ်သည်။

ကေအိုင်အိုသည် ကချင်လူထုကို ဖိနှိပ်ဆန့်ကျင်သည့် အဖွဲ့အစည်းဖြစ်လျှင် စစ်ပြေးဒုက္ခသည် ငါးသောင်းကျော်သည် အဘယ်ကြောင့် ကေအိုင်အို ထိန်းချုပ်ထားရာ နယ်မြေမှာ သွားရောက် ခိုလှုံနေကြသနည်း။ အပစ်အခတ်ရပ်စဲရေး ပျက်ပြီး ကေအိုင်အိုက စစ်အစိုးရအား ပြန်လည်တိုက်ပွဲဆင်ခဲ့သည့် လွန်ခဲ့သော တနှစ်ခွဲကစပြီး ကေအိုင်အိုအပေါ် ကချင်လူထု ၉၀% ကျော်က ထောက်ခံလျက်ရှိနေကြောင်း လေ့လာရသည်။

နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်သမိုင်းကို ပြန်ကြည့်ပါ။ စစ်အစိုးရအဆက်ဆက်သာ ပြောင်းသွားသည်။ မိုးဦးကျတွင် ပေါက်သည့် မှိုများကဲ့သို့ ဗိုလ်ချုပ်ဦးရေ အရေအတွက် အမြောက်အမြား ပေါ်လာသည်။ မည်သည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီး တခုတလေကိုမျှ စစ်ရေးနည်းလမ်းသက်သက်အရ အမြစ်ပြုတ်တိုက်နိုင်ခဲ့သည် မရှိပါ။ ယခုလည်း ငွေကြေးမြောက်မြားစွာ၊ လူအင်အားမြောက်မြားစွာ သုံးနိုင်လျှင် ကေအိုင်အိုဌာနချုပ် လိုင်ဇာကို သိမ်း၍ ရချင်ရမည်။ သည်မှာ သိမ်းလျှင် ဟိုမှာ နောက်တခု ပေါ်လာပါဦးမည်။ စစ်ရေးသက်သက်တခုတည်းနှင့် မည်သည့်အခါတွင်မျှ ကေအိုင်အိုကို အမြစ်ပြတ် ချေမှုန်းနိုင်မည် မဟုတ်ကြောင်း စာရေးသူ ရာနှုန်းပြည့် အာမခံပြောနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သို့ မျှော်မှန်းချက်

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအတွက် ဒေါ်အောင်ဆန်းစုကြည် များစွာ စွမ်းဆောင်နိုင်လိမ့်ဦးမည်ဟု မျှော်လင့်သည်။ စွမ်းဆောင်စေလိုသည့် သဘောနှင့်လည်း တင်ပြနေခြင်း ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု၊ ပြည်တွင်းလူထု အများစု၏ ထောက်ခံမှု ရှိနေဆဲဖြစ်သဖြင့် ယင်းကို ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးတို့အတွက် ထိထိရောက်ရောက် အသုံးချစေချင်ပါသည်။

ကချင်စစ်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ဥပက္ခာပြုမထားသင့်တော့ပါ။ တပြည်လုံး ပြည်တွင်းငြိမ်းချမ်းရေးအတွက် စတင်လှုပ်ရှားရန် အခွင့်အလမ်းအနေဖြင့် မှတ်ယူပြီး အမြန်ဆုံး အရေးယူဆောင်ရွက်သင့်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ တာဝန်ယူထားသော ဥပဒေစိုးမိုးရေးကော်မတီကို အသုံးချဆောင်ရွက်ရန် ကြိုးပမ်းနိုင်လျှင် သင့်လျော်ပါမည်။ ဘယ်အလုပ်ကို လုပ်ပါဟု သမ္မတ ဦးသိန်းစိန်က တာဝန်ပေးမှ ဥပဒေစိုးမိုးရေးကော်မတီအနေဖြင့် အလုပ်လုပ်၍ ရနိုင်မည်ဟူလျှင်မူ ဥက္ကဌနေရာမှ အမြန်ဆုံး ထွက်သင့်ပါသည်။ လူထုက အားကိုးသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကြီးသည် အစိုးရ၏ ခိုင်းဖတ်မဖြစ်သင့်ပါ။ မိမိကိုယ်တိုင်၏ လွတ်လပ်သော ဦးဆောင်မှုဖြင့် ကမကထပြု ဖော်ဆောင်ခြင်းသည်သာ အသင့်မြတ်ဆုံး ဖြစ်ပါမည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်နိုင်ပါမည်ဟူ၍ မက်လုံးချပေးထားသည်ကို ဟုတ်ယောင်နိုးနှင့် စစ်ခေါင်းဆောင်များ မနှစ်သက်မှာ စိုးရိမ်သဖြင့် တိုင်းပြည်နှင့်လူထုအတွက် လက်တွေ့နှင့် အမြန်ဆုံး လိုအပ်နေသော ငြိမ်းချမ်းရေးကိစ္စများအား လက်ရှောင်တာမျိုးဖြစ်လျှင် မသင့်တော်ပါ။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် လေ့လာစုံစမ်းရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်မည်ဆိုလျှင် ကေအိုင်အိုဌာနချုပ် လိုင်ဇာမှ ကချင်ခေါင်းဆောင်များသည်လည်းကောင်း၊ ကေအိုင်အို ထိန်းချုပ်ထားရာ နယ်မြေအတွင်း ရှိ ကချင်ဒုက္ခသည်ပေါင်း ငါးသောင်းကျော်သည်လည်းကောင်း၊ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြလိမ့်မည်ဟု စာရေးသူ ယုံကြည်သည်။

စာဖတ်သူများသို့

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ဝေဖန်လျှင် ပြန်လည်တိုက်ခိုက်မှုများ ကျရောက်လာလိမ့်မည်ဟု မူလကတည်းက မျှော်မှန်းခဲ့ပြီးဖြစ်သည်။ အရေအတွက်အရ မများလှသော်လည်း ထင်သည့်အတိုင်းပင် ဖြစ်ပါသည်။ ထိုသူတချို့မှာ စာရေးသူ တင်ပြသည့် အကြောင်းအရာအပေါ်တွင် မသုံးသပ်။ ပုဂ္ဂိုလ်ရေးအရ ထိုးနှက်မှုများ လုပ်လာပါသည်။ ကမ္ဘာပေါ်တွင် ဝေဖန်မခံရသည့် နိုင်ငံရေးခေါင်းဆောင်ဟူ၍ မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝေဖန်ရေးကို ကြိုဆိုမည့် ခေါင်းဆောင်မျိုးဖြစ်မည်ဟု စာရေးသူ မျှော်လင့်သည်။

ဝေဖန်ရုံမျှနှင့် “ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရအောင် ခင်ဗျားကိုယ်တိုင်ကရော ဘာလုပ်ခဲ့လို့လဲ။” ဟု ပုဂ္ဂိုလ်ရေး တိုက်ခိုက်လာသူများကိုမူ ရိုးသားစွာ ပြန်ကြားပါမည်။ မှန်ပါသည်။ စာရေးသူလည်း များများ မလုပ်နိုင်ပါ။ အနည်းအကျဉ်းမျှသာ လုပ်နိုင်ပါသည်။ သို့ရာတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုတိုက်ပွဲသမိုင်း၌ မိမိလုပ်ဆောင်နိုင်ခဲ့သမျှ အနည်းအကျဉ်းကလေးသည်ပင် “ခင်ဗျားကရော ဘာလုပ်ခဲ့လို့လဲ။” ဟု မိမိကို စိန်ခေါ်သည့် ပုဂ္ဂိုလ်အောက် နိမ့်ကျလျော့နည်းမည်မဟုတ် ဟူသည်ကိုမူ ပြောလိုပါသည်။ မည်သို့မျှ သဘောထားမည်တော့ မဟုတ်ပါ။

ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်း မဟုတ်ဘဲ စာရေးသူတင်ပြသည့် အကြောင်းအရာအပေါ်တွင် မတူသည့် အမြင်ဖြင့် တုံ့ပြန်ကြသူများ၊ မိမိ၏ တင်ပြချက်ကို လက်ခံ၍ တဆင့်ဖြန့်ဝေကြသူများ၊ မိမိကို ကျေးဇူးတင်ကြောင်း စာရေးသားကြသူများအားလုံးကို အသိအမှတ်ပြုကြောင်း၊ ကျေးဇူးတင်ကြောင်း ပြန်လည်ပြောလိုပါသည်။

အပိုင်း (၃) ကို ဆက်လက်ဖတ်ရှုပါရန် ...

No comments:

Post a Comment