Saturday 5 January 2013

ဂိလာနရဟန်းအား လှူဒါန်းလျှင်

ဂိလာနရဟန်းအား လှူဒါန်းလျှင်

ရေးသားသူ — သန္တိကရဝိဟာရဆရာတော်


မြန်မာနိုင်ငံမှ ဆရာတော် ဦးဇာဂရသည် ကျောက်ကပ် အတွင်းရှိနေသာ ကျောက်များကိုထုတ်ပြစ်ပြီ၊ ဆေးကုသမှုခံယူရန် ကိုရီးယားသို့ ရောက်ရှိနေပါသည်။ မြန်မာနိုင်ငံတွင် ကုသမှု ပြုလုပ်ခဲ့ပါသော်လည်း အဆင်မပြေမှုများရှိနေမှုကြောင့် ကိုရီးယားတစ်ယောက်၏ အကူအညီဖြင့် ရောက်လာပြီ ဆေးရုံတက်ခဲ့ပါသော်လည်း အခက်ခဲများ ဆက်ရှိနေသေး၍ ဆေးရုံပြောင်းရွှေ့ ကုသမှုကို ခံယူလျက်ရှိပါသည်။ ဆေးကုသစရိတ်မှာ ထင်ထားသည်ထက် ပိုကုန်ကျမှု ရှိနေပါသည်။ ဆေးကုနေသော ရဟန်းတစ်ပါးကို လှူဒါန်းမှုနှင့် ပါတ်သက်၍ ဗဟုသုတဖြစ်ဖွယ် အနည်းငယ်ကို သိစေလို စေတနာ သဒ္ဓါ ပွါးတိုးစေလိုသောကြောင့် ဒီစာလေးကို ရေးသားခြင်းဖြစ်ပါသည်။ စာရေးဆရာလို မဖွဲ့ တတ်ပါ။ သိစေချင်တာကိုသာ တင်ပြပေးခြင်းလို့ ရိုးသားစွာ ဝန်ခံပါရစေ။

ဗုဒ္ဓသာသနာမှာ ကျောင်းအမကြီး ဝိသာခါဆိုရင် မသိသူ ရှိမယ်မထင်ပါဘူး။ သာသနာတော်မှာ ထင်ရှားတဲ့သူ၊ သံဃာတော်တွေ့ရဲ့အားကိုးမှုကိုလည်း ရရှိသူ၊ သာသနာ့မိခင်သဖွယ်လည်းဖြစ်တဲ့ ဒါယိကာမကြီး ဖြစ်ပေသည်။ သံဃာတော်အတွက် လိုအပ်မယ်ထင်သောအရာများကို ခွင့်ပြုချက်ရရှိအောင် မြတ်စွာဘုရားအထံ တောင်းခံပေးခဲ့သည်။ များသောအားဖြင့် လူတိုင်းဆုတောင်းကြရာမှာ ကိုယ်ဖြစ်ချင်၊ လိုချင်တာကို ဦးစားပေးတောင်းခံကြလေ့ရှိခြင်းဟာ သတ္တဝါတိုင်းရဲ့သဘာဝပါ။ ဒါပေမဲ့ ဒီဒါယိကာမကြီးကတော့ ထိုသို့ မဟုတ် သံဃာတော်များအတွက်စဉ်းစားကာ တောင်းခံခဲ့သည်။ ဝိသာခါ ဒါယိကာမကြီး၏ တောင်းဆု ရှစ်ခုကို ဝိနည်း ပိဋကမှာ ဒီလိုဖေါ်ပြထားပါတယ်-
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည်
၁။ သံဃာတော်အား အသက်ထက်ဆုံး မိုးရေခံ သင်္ကန်းလှူလိုပါ၏။
၂။ ဧည့်သည်အာဂန္တုရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၃။ ခရီးသွား၇ဟန်းတို့ အား ဆွမ်းလှူလိုပါ၏။
၎။ သူနာ (ဂိလာန) ရဟန်းတို့ အား ဆွမ်းလှူလိုပါ၏။
၅။ သူနာပြု ရဟန်းတို့ အား ဆွမ်းလှူလိုပါ၏။
၆။သူနာ (ဂိလာန) ရဟန်းတို့ အား ဆေးလှူလိုပါ၏။
ရ။ အမြဲ ယာဂုလှူလိုပါ၏။
၈။ ဘိက္ခုနီသံဃာအား ရေသနုပ်ကို လှူလိုပါ၏။
ဒီလို တောင်းဆုကို ကြည့်မယ်ဆိုရင် သူ့ အတွက်တောင်းဆိုတာ တစ်ခုမှ မပါပါ။ သူတစ်ပါး ချမ်းသာ အဆင်ပြေစေရေးအတွက်သာ တောင်းဆုပြုခဲ့ခြင်းသာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ ဘယ်အကျိုးကို မျှော်ကိုးပြီး ဒီဆုကို တောင်းရသလဲဆိုတော့ တစ်ခုစီကို အကြောင်းပြပေးထားပါတယ်။ နေမကောင်းတဲ့ ရဟန်းကို ဆေးလှူတာနဲ့ ပါတ်သက်လို့  ဖြေလိုက်တာက ရိုးရိုးလေးပါ။ “နေမကောင်းတဲ့ ရဟန်းတွေ သင့်တင့်တဲ့ဆေးကို မရရင် ရောဂါလည်း ပိုဆိုးနိုင်တယ်၊ သေလည်းသေနိုင်ပါတယ်။ လိုအပ်တဲ့ဆေးကို ရရှိရင် ရောဂါလည်း သက်သာနိုင်၊ မသေနိုင်ပါဘူးတဲ့။ “
ဒီလို အတွေးလေးတွေများ ရှိဖူးပါသလားလို့ စဉ်းစားကြည့်ဖို့ ပါ။

ဒီလို အတွေး အမြဲရှိဘို့ မဖြစ်နိုင်ပေမဲ့ အခွင့်ကြုံရင်တော့ ရှိသင့်ပါတယ်။ “အခွင့်သာခိုက်မူ၊ ရအောင်ယူ၊ ထိုသူပညာရှိ” လို့ ပညာရှိများ မှာထားတဲ့စကား အရှိမဟုတ်ပါလား။
ခုတော့ ဒီအခွင့်အရေး ညီအစ်ကိုတို့ လက်တစ်ကမ်းကို ရောက်နေပါပြီ။ လိုအပ်နေတဲ့ နေရာတွေ များမှန်းသိပေမဲ့ ထိုအထဲမှ တစ်ခုလို့ ဆိုပါရစေ။ ဝိသာခါ ဒါယိကာမကြီး တွေးသလို တွေးကြည့်မယ်ဆိုရင် အကယ်၍များပေါ့ (ဖြစ်တော့မဖြစ်နိုင်ပါ) ကုသမှုစရိတ်မလုံလောက်လို့  လိုအပ်တဲ့ ဆေးကုသမှုကို မရဘူးဆိုရင် အခက်အခဲကို စဉ်းစားလို့ မရနိုင်အောင်ပါပဲ။ ကုသမှု ပြီးဆုံးပြီး ကျန်းမာလာရင် သာသနာ့အကျိုးကို ဆထက်တိုးလို့ လုပ်ဆောင်နိုင်သလို အများကောင်းကျိုးအတွက်လည်း လုပ်နိုင်မှာ အမှန်ပါ။ ဆရာတော် လက်ရှိလုပ်နေတဲ့ ရပ်ရွာလုထုကို ဆေးကုပေးမှု အပါအဝင် လူမှုရေးလုပ်ငန်းတွေကို ပိုပြီးလုပ်နိုင်ဘို့ ဆိုရင် ကျန်းမာဖို့လိုတယ်မဟုတ်ပါလား။ ဝိသာခါရဲ့ အတွေးမျိုး တွေးစေချင်လို့ ပါ။

မြတ်စွာဘုရားကိုယ်တော်တိုင်ကလည်း “ယော ဘိက္ခဝေ မံ ဥပဋ္ဌဟေယျ၊ သော ဂိလာနံ ဥပဋ္ဌဟေယျ။” ရဟန်းတို့ ငါဘုရားကို ပြုစုလုပ်ကျွေးသော ရဟန်းသည် နာဖျားသော ရဟန်းကို ပြုစုလုပ်ကျွေးရာ၏။ တဲ့။ ခုချိန်မှာ ဘုရားကိုယ်တော်ကို ပြုစုလုပ်ကျွေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အ၇ာပါ။ ဒါပေမဲ့ ဂိလာနရဟန်းကို ပြုစုလုပ်ကျွေးချင်တယ်ဆိုရင်တော့ လက်၇ှိမှာ ရနိုင်တဲ့ အရာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ စကားတော်ကို လိုက်နာရာလည်းရောက် လိုအပ်နေသော ကွက်လပ်ကို ဖြည့်ဆည်းရာလည်း ရောက်တဲ့အတွက် ကောင်းမြတ်တဲ့ အလုပ်ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ၏ စကားကိုမမေ့ဘဲ အခွင့်အရေးကို လက်မလွှတ်ကြစေဖို့ပါ။

အလှူခံမဲ့ ပုဂ္ဂိုလ်ဘက်ကို ကြည့်မယ်ဆိုရင်လည်း ရဟန်းတော်တစ်ပါးဖြစ်သည့်အတွက် သံဃာ့ဂုဏ်ကို အာရုံပြုလို့ လှူဒါန်းနိုင်ပါတယ်။ “သံဃေ ဒန္နံ မဟပ္ဖလံ” သံဃာကို လှူဒါန်းခြင်းသည် အကျိုးကြီးမြတ်ပေသည်။ လို့  ဗုဒ္ဓမိန့် မှာချက်လည်း ရှိထားသောကြောင့် များမြတ်သော အကျိုးကို ရရှိမှာ အမှန်ပါ။

ဝိသာခါ ဒါယိကာမကြီး၏ အတွေးမျိုးတွေးလို့ မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း ဂိလာန ရဟန်းအား တတ်စွမ်းသမျှ ထောက်ပံ့လှူဒါန်းပေးခြင်းဖြင့် ကြီးမြတ် များပြားသော အကျိုးကို ရရှိနိုင်စေဖို့  တိုက်တွန်းနိုးဆော်လိုက်ရပါသည်။

နှစ်သစ်မှာ ပျော်ရွှင်မှု၊ ကျန်းမာမှု၊ ချမ်းသာမှု နှင့်အတူ လိုအင်ဆန္ဒအားလုံး ပြည့်ဝကြပါစေကြောင်း
မေတ္တာများဖြင့်-ရေးသားသူ — သန္တိကရဝိဟာရဆရာတော်(အန်ဆန်း)(ချမ်းသာစွာအိပ်စက်နိုးထနိုင်ကြပါစေ)                    

No comments:

Post a Comment