Sunday 27 January 2013

ဦးသန့်၏ ၁၀၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ဦးသန့်ဂူဗိမာန်ကို တစ်နေ့လုံးဖွင့်

 Photo: ဦးသန့်၏ ၁၀၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ဦးသန့်ဂူဗိမာန်ကို တစ်နေ့လုံးဖွင့်

ရန်ကုန်၊ဇန်န၀ါရီ-၂၂

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ယနေ့ (ဇန်န၀ါရီ ၂၂ ရက်) ကျရောက်သည့် ၁၀၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ရွှေတိဂုံဘုရားလမ်းရှိ ၎င်း၏ဂူဗိမာန်ကို နံနက် ၈ နာရီမှ ညနေ ၆ နာရီထိ အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်ထားသည်။

ဂူဗိမာန်ထဲကို လာရောက်လေ့လာသူများအား ဦးသန့်၏ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်းနှင့် အာဖရိကနှင့် ကမ္ဘာ့လူ့အဖွဲ့အစည်း အယ်လ်ဂျီးရီးယားအမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သော 'တစ်ခုတည်းသောကမ္ဘာ'မိန့်ခွန်းကောက်နှုတ်ချက်များ၊ ဦးသန့်အင်စတီကျုဒ် (The U Thant Institute)အကြောင်း သိကောင်းစရာများ ရေးသားဖော်ပြထားသော လက်ကမ်းစာစောင်များကို ဝေမျှပေးခဲ့သည်။ ဂူဗိမာန်ကို မကြာမီကာလအတွင်း အမြဲတမ်းဖွင့်လှစ်သွားရန် စီစဉ်နေပြီး ဦးသန့်နေထိုင်ခဲ့သည့် ၀င်ဒါမီယာတွင်းရှိ နေအိမ်ကို ပြတိုက်အဖြစ် လာမည့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဦးသန့်ဂူဗိမာန် ထိန်းသိမ်းသူ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးသိန်းရွှေကပြောသည်။

ဦးသန့်အိမ်ပြတိုက်အတွက် ပြုပြင်ရေးလုပ်ငန်းများအနက် ကျပ်သိန်း ၂၀၀ တန်ဖိုးရှိ လျှပ်စစ်ဓာတ်မီးတိုင် ၁၅ တိုင်ကို နိုင်ငံတော်အစိုးရက အကုန်အကျခံ စိုက်ထူပေးထားကြောင်း ဦးသိန်းရွှေကပြောသည်။ ဦးသန့်နေအိမ်ရှိရာ ပန်းဝါလမ်းမှာ ဦးဝိစာရလမ်းဘက်ကို ထွက်သည့်လမ်းကို ယခုအထိ ပိတ်ထားသည့်အတွက် အဆိုပါလမ်း ပြန်လည်ဖွင့်လှစ်ပေးရန် ဦးသန့်၏မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက နိုင်ငံတော်အစိုးရထံ စာရေးသား၍ ခွင့်ပြုချက် တောင်းထားကြောင်းလည်း သတင်းရရှိသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း

No comments:

Post a Comment