Saturday 19 January 2013

အပိုင်း (၅) - ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း





ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၅)


၂၀၁၃ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် အစိုးရစစ်တပ်က လိုင်ဇာမြို့ကို လက်နက်ကြီးများနှင့် ပစ်ခတ်သဖြင့် အရပ်သားလူထုများ သေကြေဒဏ်ရာရပြီးနောက် နိုင်ငံတကာမှ အမြန်ဆုံး တုန့်ပြန်သူမှာ ဗြိတိသျှပါလီမန်ဖြစ်သည်။ ထိုနေ့မှာပင် ပါလီမန်အတွင်း ချက်ခြင်း အစည်းအဝေးခေါ် မေးမြန်းမှုများပြုကာ နှစ်ဖက်ကြား နိုင်ငံရေးဆွေးနွေးမှုများ အမြန်ဆုံး လုပ်ဆောင်ရန်၊ အရပ်သားများ သေကြေသည်အထိ စစ်ဆင်တိုက်ခိုက်မှုများ ဆက်လုပ်နေပါက ဥရောပသမဂ္ဂမှ ဆိုင်းငံထားခဲ့သည့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုကို ပြန်လည်သုံးသပ်နိုင်ကြောင်း ဖိအားပေးခဲ့သည်။

ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် ဥရောပသမဂ္ဂကလည်း လိုင်ဇာတွင် အရပ်သားလူထုများ သေကြေဒဏ်ရာရမှုများကို ထောက်ပြပြီး စစ်ဆင်နေမှုများ ကိုရပ်ဆိုင်းရန်၊ စစ်ဘေးဒုက္ခသည်များအနေဖြင့် လူသားချင်းစာနာသည့် အကူအညီများ အဟန့်အတားမရှိ ရနိုင်ရေးကို အရေးတကြီး ဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ စသည့် နိုင်ငံတကာက စိုးရိမ်တကြီးနှင့် တိကျသော တိုက်တွန်းမှုများ၊ ဖိအားပေးမှုများ ပေါ်လာခဲ့ပြီဖြစ်သော်လည်း ကချင်စစ်ပွဲနှင့်စပ်လျှဉ်း၍ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်အထိ လေ့လာမှုပင် သေချာစွာ မလုပ်ဆောင်သေး။ ယေဘုယျမျှသာ ပြောဆိုလျှက်ရှိနေသည်။ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် သူမက ----

“စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက်ဘူး။ ကိုယ့်အချင်းချင်း ဘာပဲပြောပြော ပြည်ထောင်စုသား အချင်းချင်း ဒီလိုတိုက်ရတဲ့အထိ မဖြစ်အောင်လို့ အချင်းချင်းကြားမှာ ဆွေးနွေးညှိုနှိုင်းမှု ရှိသင့်တယ်ဆိုတာ ခဏခဏ ပြောနေတဲ့ ကိစ္စပဲ။ ဆွေးနွေးညှိုနှိုင်းပြီး အဖြေရှာတဲ့ယဉ်ကျေးမှု ဖော်ထုတ်နိုင်မှ ဒါတွေကို ရှောင်လွှဲနိုင်မှာပါ။” ဟု ပြောကြားခဲ့သည်။

“ဆွေးနွေးညှိနိုင်းပြီး အဖြေရှာသည့် ယဉ်ကျေးမှုကို နှစ်ပေါင်းငါးဆယ် တောက်လျှောက် ငြင်းပယ်နေသူမှာ စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် “ထိုးစစ်တွေ ချက်ချင်းရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပါ။” ဟု ပြောချင်လျှင် ဦးသိန်းစိန် ဦးဆောင်သည့် လက်ရှိစစ်အစိုးရကို တည့်တည့်ပြောဖို့ လိုပါမည်။ ၀ါးလုံးရှည်နှင့် ရမ်းပြောနေလျှင် မည်သို့မျှ ထိရောက်နိုင်မည် မဟုတ်ရုံသာမက တော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန် တောက်လျှောက်တောင်းဆိုနေမှုကို အသိအမှတ်မပြုရာကျပါမည်။ ထို့အပြင် ယဉ်ကျေးမှုကင်းမဲ့သည့် သဘောမျိုး သုံးနှုန်းလိုက်သောအခါ အဖိနှိပ်ခံလူထုကြီးကိုပါ လူရိုင်းများအဖြစ် ရည်ညွှန်းရာရောက်သွားနိုင်ပါသည်။”

ဒေါ်အောင်ဆန်းစုကြည်သာမက စာရေးသူလည်းစစ်ပွဲကို မကြိုက်ပါ။ ငြိမ်းချမ်းရေးမြတ်နိုးသူမှန်သမျှ မည်သူမျှလည်း ကြိုက်လိမ့်မည်ဟု မယူဆပါ။ သို့ရာတွင် ယင်းစိတ်ဆန္ဒနှင့် ဆန့်ကျင်ပြီး စစ်ပွဲများ တည်ရှိလာခဲ့သည်မှာ ကမ္ဘာဦး အစကထဲကဖြစ်သည်။ ယနေ့လည်း ရှိနေသည်။ နောင်လည်း ရှိနေဦးမည်ဖြစ်သည်။ စစ်ကို မကြိုက်သော်လည်း မတရားသောစစ်ကို တရားသောစစ် ခုခံဆင်နွှဲ၍ ငြိမ်းချမ်းမှုရှာခဲ့ရသည့် သာဓကများ ကမ္ဘာ့သမိုင်း၌ များစွာရှိခဲ့သည်။ နိုင်ငံများနှင့် ဒေသကြီးအတော်များများတွင် သာမက ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်များကို ကြည့်ပါ။ အဓိကမှာ စစ်ပွဲများအား ကြိုက်ခြင်း မကြိုက်ခြင်းကို ရှေ့တန်းတင်ရန်မဟုတ်ဘဲ စစ်ပွဲများ ငြိမ်းသွားစေရေးအတွက် သက်ဆိုင်ရာနိုင်ငံ၏ ထူးခြားသည့် အခြေအနေပေါ် မူတည်လျှက် အကောင်းဆုံးနည်းနာကို ရှာဖွေရန်သာဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သာမက စာရေးသူလည်း အကြမ်းဘက်မှုကို မကြိုက်ပါ။ အေးအေးဆေးဆေး နေလိုသူမှန်သမျှ မည်သူမျှလည်း ကြိုက်လိမ့်မည်မဟုတ်ပါ။ သို့ရာတွင် လူတဦးက အခြားတဦးအား အကြမ်းဘက်မှုကျူးလွန်ပါက ကျူးလွန်ခံရသူအနေဖြင့် လက်သီးနှင့် ထိုးတာလောက်ကိုမူ သည်းခံကောင်းခံနိုင်ပါမည်။ ပေါက်ပြဲသွားလျှင် ဆေးကု၍ ရနိုင်သောကြောင့်ဖြစ်သည်။

ငှက်ကြီးတောင်ဓါးနှင့် လာခုတ်လျှင်မူ အကြမ်းဘက်မှုကို မကြိုက်ပါဟုဆိုကာ ငြိမ်ခံနေ၍ မရပါ။ တွေ့ရာ တုတ်တချောင်း ကိုင်ပြီး ပြန်လည်ခုခံရပါမည်။ ငှက်ကြီးတောင်ဓါးနှင့် လာခုတ်ကြောင်း သက်သေထင်ရှားလျှင် ခုတ်ခံရသူက တုတ်နှင့် ပြန်ရိုက်သဖြင့် ဓါးနှင့် ခုတ်သူသေဆုံးသွားပါစေဦး၊ ပြစ်မှုဆိုင်ရာဥပဒေအရ မိမိကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အတွင်း အကြုံးဝင်သဖြင့် တုတ်နှင့်ခုခံသူသည် ပြစ်မှုမမြောက်ပါ။ ဆိုလိုသည်မှာ အဆိုပါအခြေအနေမျိုး၌ ပြန်လည်အကြမ်းဖက်ခုခံခြင်းကို ဥပဒေကပင်ကို တရားဝင် ခွင့်ပြုထားပါသည်။ ပြစ်မှုဆိုင်ရာ ဥပဒေ အခန်း(၄) ကာကွယ်ခုခံပိုင်ခွင့် ဆိုင်ရာပြဌာန်းချက် ပုဒ်မ (၁၀၀) ကို လေ့လာကြည့်ပါ။

ကာချုပ်မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်သည် ပင်လုံစာချုပ်ပါ သဘောတူညီချက်ကို ချိုးဖေါက်၊ ကချင်ပြည်နယ်အတွင်းသို့ ကချင်လူထု၏ သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး အတင်းအကြပ် ၀င်ရောက် တပ်စွဲရုံသာမက စစ်တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များနှင့် အမြောက်လက်နက်ကြီးများကိုပါ သုံးကာ အကြမ်းဖက်မှုကို ထင်ထင်ရှားရှား ပြုကျင့်နေခြင်းဖြစ်သည်။ ကေအိုင်အိုနှင့် ကချင်လူထုတွင် ကာကွယ်ခုခံပိုင်ခွင့် အပြည့်အ၀ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းဘက်မှု ဦးဆောင်ကျူးလွန်သူ စစ်အစိုးရကို အဘယ်ကြောင့် ပြစ်တင်ရှုံ့ချခြင်း မပြုသနည်း။ အကြမ်းဖက်မှုကို မကြိုက်ဟူ၍ ယေဘုယျမျှသာ ပြောနေလျှင် ရရာလက်နက်နှင့် ပြန်လည်အကြမ်းဘက် ခုခံရသည့် ကေအိုင်အေနှင့် ကချင်လူထုကိုပါ အကြမ်းဘက်သမားများဟူ၍ ပြောခြင်၍လော။ သို့မဟုတ် ဒေါ်အောင် ဆန်းစုကြည်က အကြမ်းဘက်မှုကို မကြိုက်ဟု ပြောသဖြင့် အကြမ်းဖက်လာသည့် မြန်မာအစိုးရတပ် ဘာလုပ်လုပ် ပြုသမျှနုရတော့မည်လော။ ဥပဒေက ပေးအပ်ထားသည့် ပြန်လည်အကြမ်းဖက်ကာ ခုခံပိုင်ခွင့်ကိုပင် အသိအမှတ်မပြုတော့ပြီလော။

“စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက်ဘူး။” ဆိုပါက စစ်ပွဲနှင့် အကြမ်းဖက်မှုများ ချက်ခြင်း ရပ်ဆိုင်းသွားအောင် စစ်အစိုးရ၏တပ်များ ကချင်ပြည်နယ်မှ အမြန်ဆုံး ရုပ်သိမ်းကာ နေပြည်တော်သို့ ပြန်လည်ဆုတ်ခွာ သွားဘို့ ဒေါ်အောင်ဆန်းစုကြည်က သမတဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့အား အတိအလင်း တောင်းဆိုရုံသာရှိသည်။ ယင်းသို့ဖြစ်လျှင် ကေအိုင်အေသည် နောက်မှထက် ချပ်လိုက်ပြီး မည်သည့်စစ်ဆင်မှုမျှ လုပ်မည်မဟုတ်သည်မှာ ရာနုန်းပြည့် သေချာသည်။ ပြည်တွင်းငြိမ်းချမ်းရေး ချက်ခြင်း ရသွားပါမည်။

ယင်းသို့မတောင်းဆိုနိုင်လျှင် “စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက်ဘူး။” ဟု ခပ်လွယ်လွယ် မပြောသင့်ပါ။ ယင်းသို့ပြောခြင်းမှာ (ပင်လုံစာချုပ်အရ ရသင့်သည်လည်းဖြစ်၍ ကေအိုင်အိုနှင့် ကချင်လူထုက တောင်းဆိုနေသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် နိုင်ငံရေးအခွင့်အရေး တစုံတရာမျှ ပေးစရာမလိုဘဲ) နှစ်ဖက် ချက်ခြင်း အပစ်ရပ်ကြရန် ဒေါ်အောင်ဆန်းစုကြည်ကပါ ၀င်ရောက်ဖိအားပေးနေသလို သက်ရောက်သည်။ တပ်များ အသီးသီး နောက်ဆုံးရောက်ရှိနေသည့် နေရာတွင် ချက်ခြင်းရပ်ရမည့် သဘောဖြစ်သည်။

ဤတွင် ကေအိုင်အိုအနေဖြင့် ၁၇ နှစ်တာ အပစ်ရပ်ခဲ့သော်လည်း မည်သည့် နိုင်ငံရေးအခွင့်အရေးမျှမရရုံ သာမက၊ ၁၉၉၄ အပစ်ရပ်ခဲ့သည့် မျဉ်းကြောင်းမှ စစ်အစိုးရ၏ တပ်များက ထပ်မံကျူးကျော်တပ်စွဲမှုများ၊ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ ၁၄ မှစ၍ ယနေ့ လိုင်ဇာမြို့နားရောက်လာသည်အထိ စစ်ရေးမဟာဗြူဟာအရ အရေးပါသော တောင်ကုန်းများအား စစ်အစိုးရ၏တပ်များက တိုးချဲ့သိမ်းပိုက်တပ်စွဲမှုများအား အသိအမှတ်ပြုပေးရဦးမည့် အနေအထားသို့ ရောက်ရှိသွားသည်။ ဤတွင် တနှစ်ခွဲကျော် မလွှဲမရှောင်သာ ခုခံစစ်ဆင်နွှဲနေရသော ကေအိုင်အိုနှင့် ကချင်လူထု ထပ်မံနစ်နာပါဦးမည်။

နိုင်ငံရေးအရ ဆွေးနွေး၊ ညှိနိုင်းမှုကို ငြင်းပယ်ခဲ့သူမှာ မည်သူနည်း။

ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေး၊ညိနိုင်းသည့် အလုပ်၏ အရေးကြီးမှုကို မကြာမကြာ မီးမောင်းထိုးပြလေ့ရှိသည်။ ကချင်စစ်ပွဲကို ရည်ညွှန်းလျှက်ပင် မဆွေးနွေးနိုင်လို့ စစ်တိုက်ကြရတာဟူ၍ သူမက ထောက်ပြခဲ့ဘူးသည်။ ဆွေးနွေးညှိနိုင်းသည့် အလုပ်၏ အရေးကြီးမှုကို ငြင်းဆိုရန် အကြောင်းမရှိပါ။ သို့ရာတွင် ဆွေးနွေးညှိုနှိုင်းပြီး အဖြေရှာတဲ့ ယဉ်ကျေးမှု ဖော်ထုတ်နိုင်မှ ဟူ၍ သူမက သုံးစွဲသွားသောအခါတွင်မူ အဓိပ္ပါယ်မှာ အခြားအစွန်းတဘက်သို့ ရောက်သွားပါသည်။ မြန်မာနိုင်ငံတွင် ဆွေးနွေးညှိနိုင်းအဖြေရှာသည့် ယဉ်ကျေးမှု မရှိခဲ့သလိုလို၊ ဒေါ်အောင်ဆန်းစုကြည် ထောက်ပြမှ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံ လူမျိုးအသီးသီးသည် ဆွေးနွေးညှိနိုင်းပြီး အဖြေရှာသည့် ယဉ်ကျေးမှုကို စတင်ကျင့်သုံးရမလိုလို ဖြစ်နေသည်။

ပဒေသရာဇ်ခေတ်ကို ပင်ပြန်ကြည့်ပါ။ ဘုရင်များ အချင်းချင်း စစ်တိုက်ကြ၊ ဆွေးနွေးညှိနိုင်းပြီး စစ်ရပ်စဲခဲ့ကြသည့်သာဓကများ များစွာရှိခဲ့သည်။ အနီးခေတ်သမိုင်းကိုလည်း ပြန်ကြည့်ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီက ပြည်တွင်းစစ်ရပ်စဲနိုင်ရေးအတွက် တွေ့ဆုံးဆွေးနွေးအဖြေရှာရန် စစ်ခေါင်းဆောင်အဆက်ဆက်ကို အကြိမ်ပေါင်းများစွာ ကမ်းလှမ်းခဲ့ဘူးသည်။

တိုင်းရင်းသားတပ်ပေါင်းစုများသည်လည်း ထိုနည်းအတူပင်။ ရှစ်လေးလုံးအတွင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးနယ်ထဲ စရောက်လာခဲ့သည့်နောက်ပိုင်း အဓိက တပ်ပေါင်းစုကြီးဖြစ်ခဲ့သော မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်ကလည်း စစ်အစိုးရအား နိုင်ငံရေးအရ ဆွေးနွေးရန် စတင်လက်ကမ်းခဲ့သည့် အကြိမ်အရေအတွက်မှာ မနည်းလှ။ (၁၇) နှစ်တာ အပစ်အခတ်ရပ်စဲထားခဲ့သည့် ကာလများအတွင်း နိုင်ငံရေးအရ ဆွေးနွေးရန် ကေအိုင်အိုတဖွဲ့တည်းက တောင်းဆိုသည်ကိုပင် စစ်အစိုးရက မည်သည့်အခါကမျှ လိုက်လျောခဲ့ခြင်းမရှိ။

ဒေါ်အောင်ဆန်းစုကြည် ၁၅ နှစ်ကြာမျှ အိမ်အချုပ်နှင့် ရှိနေခဲ့စဉ်အတွင်း နယ်စပ်အခြေပြု ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ ပူးပေါင်းကာ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအရေးနှင့် စပ်လျှဉ်း၍ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပရေး ဆုံးဖြတ်ချက်ထွက်လာစေရန် တောင်းဆိုကြိုးပမ်းခဲ့ကြသည်။ တောင်းဆိုသည့်အတိုင်းပင် ကုလသမဂ္ဂကလည်း အကြိမ်ကြိမ် ချမှတ်ပေးခဲ့သည်။ လက်တွေ့ငြင်းပယ်ခဲ့သူမှာ မည်သူနည်း။

ဆွေးနွေးညှိနိုင်းပြီး အဖြေရှာသည့်ယဉ်ကျေးမှုကို နှစ်ပေါင်းငါးဆယ် တောက်လျှောက်ငြင်းပယ်နေသူမှာ စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် “ထိုးစစ်တွေ ချက်ခြင်းရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေးညှိနိုင်းမှုတွေ လုပ်ပါ။” ဟု ပြောခြင်လျှင် ဦးသိန်းစိန်ဦးဆောင်သည့် လက်ရှိ စစ်အစိုးရကို တည့်တည့် ပြောဘို့လိုပါမည်။ ၀ါးလုံးရှည်နှင့်ရမ်းပြောနေလျှင် မည်သို့မျှ ထိရောက်နိုင်မည် မဟုတ်ရုံသာမက တော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန် တောက်လျှောက်တောင်း ဆိုနေမှုကို အသိအမှတ်မပြုရာကျပါမည်။ ထို့အပြင် ယဉ်ကျေးမှုကင်းမဲ့သည့်သဘောမျိုး သုံးနှုန်းလိုက်သောအခါ အဖိနှိပ်ခံလူထုကြီးကိုပါ လူရိုင်းများအဖြစ် ရည်ညွှန်းရာရောက်သွားနိုင်ပါသည်။

အမှန်တရားကို ရှာဖွေခြင်းနှင့် ဖေါ်ထုတ်ခြင်းသည် လူ့လောက၏ တန်ဘိုး

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်းတွင် ပြောကြားသွားခဲ့သည့် အောက်ပါ မိန့်ခွန်းကို လေ့လာခြင်းဖြင့် ကချင်ပြည်နယ် စစ်ပွဲများနှင့်စပ်လျှဉ်း၍ သူမ ရှာဖွေလျှက်ရှိသောအရာကို နားလည်နိုင်သည်။

“ကချင်ပြည်နယ်မှာဖြစ်တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တချို့က ကျမကို မကြေနပ်ကြဘူး။ မကြေနပ်တာက တဘက်ကို ဘာဖြစ်လို့ မပြောသလဲပေါ့နော်။ ကိုယ်မကြိုက်တဲ့ ဘက်နဲ့ ပတ်သက်လို့ အဲသည်ဘက်က လုပ်တာတွေဟာ မှားတယ် အပြစ်ရှိတယ်ဆိုတာ ဘာဖြစ်လို့ တင်းတင်းမာမာ ပြင်းပြင်းထန်ထန် မပြောလဲဆိုတာ မကြေနပ်တာတွေ ရှိကြပါတယ်။ သည်လိုပြင်းပြင်းထန်ထန် တဘက်ကို ပြောလို့ ဘာဖြစ်လာမလဲ စဉ်းစားကြည့်ပါ။ နှစ်ဘက်လုံး ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ ထားလိုက်။ တဘက်ကို ပြင်းပြင်းထန်ထန်ပြောရင် ဟိုတဘက်က ကြေနပ်မှာလား။ အချင်းချင်း ပဋိပက္ခတွေ ပိုပြီးကြီးသွားမယ်။ ကျမက ပြင်းပြင်းထန်ထန် မပြောလို့ မကြေနပ်ရင် မကြေနပ်ပါစေ ရတယ်။ (လက်ခုပ်သံများ) ပဋိပက္ခတွေ ပိုပြီးကြီးထွားသွားမယ့် ကိစ္စမျိုးကိုတော့ မလုပ်နိုင်ဘူး။”

ဒေါ်အောင်ဆန်းစုကြည်က ပြသနာကို ချဉ်းကပ်ပုံမှာ ခလေးနှစ်ယောက် မုံ့တခုကို သူ ရထိုက် ကိုယ် ရထိုက် လုရင်း ရန်ဖြစ်ကြသည့်အခါ မိခင်က နှစ်ယောက်လုံး ကြေနပ်သွားအောင် ၀င်ပြီး ဖျန်ဖြေသည့် စဉ်းစားပုံမျိုး ဖြစ်နေသည်။

တတိုင်းပြည်လုံးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးလှသည့် ပြည်တွင်းစစ်ပြသနာကို ဤသို့ မချဉ်းကပ်သင့်ဟု ယူဆသည်။ ပြသနာကို ဖြေရှင်းမည်ဆိုလျှင် ၄င်း၏ အရင်းခံအကြောင်းကို ရှာရပါမည်။ ဤသည်မှာ အမှန်တရားကို ရှာဖွေခြင်းပင်ဖြစ်သည်။ အမှန်တရားကို ရှာဖွေဖေါ်ထုတ်ရပါမည်။ အမှန်တရားဘက်တွင် ရပ်တည်ဖြေရှင်းရန် ကြိုးပမ်းဘို့လိုပါမည်။

အမှန်တရား[i]သည် လောက၏သစ္စာဖြစ်သည်။ “ဘာသာရေးတွေ အားလုံးရဲ့ဘာသာရေးဟာ အမှန်တရား ဖြစ်တယ်။” ဟူ၍ ထင်ရှားသည့် အိန္ဒိယ ယောဂီကြီးတပါးက မိန့်ကြားခဲ့ဘူးသည်။ တောင်အာဖရိကနိုင်ငံ အသွင်ကူးပြောင်းရေး ဖြစ်စဉ်အတွင်း အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်[ii] ဟူသည်ကိုပင် ဖွဲ့စည်းဆောင်ရွက်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အောက်ပါစကားလုံးများကို အသေအချာ လေ့လာကြည့်မည်ဆိုလျှင် အမှန်တရားကို ပေါ့ပေါ့ပင် သဘောထားနေသည်ဟု သုံးသပ်ရပါမည်။

“နှစ်ဘက်လုံး ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ ထားလိုက်။ တဘက်ကို ပြင်းပြင်းထန်ထန် ပြောရင် ဟိုတဘက်က ကြေနပ်မှာလား။ အချင်းချင်း ပဋိပက္ခတွေ ပိုပြီး ကြီးသွားမယ်။”

ဝမ်းနည်းစွာ ဆိုပါမည်။ အထက်ပါ စကားလုံးအရ ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တရားကို ရှာဖွေသူ မဟုတ်တော့ပါ။ သို့ဖြစ်လျှင် သူမသည် အမှန်တရားကို မြတ်နိုးသူ၊ အမှန်တရားကို အလေးအနက်ထားကာ ဖေါ်ထုတ်မည့်သူ၊ အမှန်တရားအတွက် တိုက်ပွဲဝင်မည့်သူဟု မြှော်လင့်နိုင်ပါတော့မည်လား။

သူမအနေဖြင့် အမှန်တရားမှာ အဓိကမဟုတ်တော့။ အမှန်တရားကို ဖိနှိပ်၊ ချိုးနှိမ်၊ ကျူးလွန်မှုပင် ဖြစ်စေဦး၊ ယင်းကို ဖေါ်ထုတ်ဘို့မှာ ပဓါနမကျတော့။ အမှန်တရားကို ဖိနှိပ်၊ ချိုးနှိမ်၊ ကျူးလွန်သူ မကြေနပ်မှာပင် စိုးရိမ်နေရသည်။ ထိုသူ မကြေနပ်အောင် သွားမလုပ်နှင့်။ ပြသနာတွေ ပိုပြီး တက်လာနိုင်သည်။ ပဋိပက္ခတွေ ပိုပြီး ကြီးထွားသွားနိုင်သည်။ သို့ဖြစ်၍ ပဋိပက္ခတွေ ကြီးထွားမလာစေရေးအတွက် ထိုသူမကြိုက်အောင် ပြင်းပြင်းထန်ထန်မပြောနှင့်ဟု ဆိုလိုခြင်းပင်။ ယင်းမှာ အမှန်တရားကို ဖိနှိပ်၊ ချိုးနှိမ်၊ ကျူးလွန်သူများဖြစ်စေဦးတော့ ထိုသူများ ကြေနပ်စေရေးက အဓိကကဲ့သို့ ဖြစ်နေသည်။

ရှေးသရောအခါ၌ “မတရားတဲ့ အမိန့်အာဏာ ဟူသမျှ၊ တာဝန်အရ၊ ဖီဆန်ကြ။” ဟူ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြွေးကြော်သံထုတ်ကာ လူထုကို လှုံ့ဆော်စည်းရုံးခဲ့ဘူးသည်။ ထိုကြွေးကြော်သံကို ဒီချုပ်ခေါင်းဆောင်များ ၀ိုင်းဝန်းရေးသားခဲ့ကြစဉ်က “တာဝန်အရ” ဟူသော စကားလုံးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထည့်သွင်းခဲ့သည်ဟု လေ့လာရသည်။ ယခု ဒီချုပ်၏ ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါဆောင်ပုဒ်ကို မည်သို့ သဘောထားပါဦးမည်နည်း။ ယနေ့အချိန်တွင် မြန်မာနိုင်ငံအတွင်း၌ မတရားတဲ့ အမိန့်အာဏာများ ကင်းစင်သွားပြီဖြစ်သဖြင့် ယင်းဆောင်ပုဒ်အား အသုံးပြုရန်မလိုတော့ဟု ပြောပါမည်လား။ သို့မဟုတ် ဆောင်ပုဒ်ကို “မတရားတဲ့ အမိန့်အာဏာ ဟူသမျှ၊ တာဝန်အရ၊ ငုံ့ခံကြ။” ဟူ၍ ပြောင်းလဲလိုပါသလား။ ဤသို့ပြောင်းလဲကျင့်သုံးလျှင် ဥပဒေစိုးမိုးရေး ရနိုင်ပါမည်လား။

လူ့အခွင့်အရေးချိုးဖေါက်မှုကို ဒေါ်အောင်ဆန်းစုကြည် တကယ်တန်း အရေးယူဆောင်ရွက်မည်လား။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲကို ရည်ညွှန်းသည့် အထက်ပါမိန့်ခွန်းနှင့် တဆက်တည်းမှာပင် လူ့အခွင့်အရေး ချိုးဖေါက်မှုနှင့် စပ်လျှဉ်း၍ သူမက အောက်ပါအတိုင်း ပြောကြားသွားခဲ့သည်။

“လူ့အခွင့်အရေးချိုးဖေါက်မှု ဆိုရင်တော့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ် လို့ပြောပါရစေ။ ဘယ်သူရဲ့ လူ့အခွင့်အရေးဘဲ ဖြစ်ဖြစ် ချိုးဖေါက်မှုတွေကိုတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ တရားဥပဒေအရ မှန်မှန်ကန်ကန် မျှမျှတတ မလုပ်ခြင်းဆိုရင်လဲ ကျမ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။” (သြဘာသံများ)

ဒေါ်အောင်ဆန်းစုကြည်၏ အထက်ပါ ပြောကြားချက်ကို လှိုက်လှဲစွာ ကြိုဆိုရပါမည်။ သူမ၏ ရိုးသားသည့် စေတနာလည်း ဖြစ်နိုင်ပါသည်။ သို့ရာတွင် ပွင့်လင်းစွာ ဆိုရလျှင် ယခုအချိန်အထိမူ လူထုအကြိုက် လိုက်ပြီး ပြောသည့်အဆင့်၊ အပြောသက်သက် အဆင့်တွင်သာ ရှိနေသေးသည်။ လက်တွေ့၌ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် မည်သည့်လူ့အခွင့်အရေးချိုးဖေါက်မှု တစုံတရာကိုမျှ ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ျနကြောင်း မကြားသိရပါ။ သာမန်လူ့အခွင့်အရေးချိုးဖေါက်မှုအဆင့်ကို ကျော်ရုံသာမက စစ်ရာဇ၀တ်မှုကြီးကို ကျူးလွန်သည့်အဆင့်သို့ ရောက်နေပါပြီ။ သာဓကတခု ပြပါမည်။

ကချင်ပြည်နယ်၏ ဒေသတခုအတွင်း ကျူးလွန်ခံခဲ့ရသည့် မိသားစုတစုအား စာရေးသူကိုယ်တိုင် တွေ့ဆုံမေးမြန်းခဲ့သည့် မှုခင်းတခုကို အကျဉ်းမျှ ပြန်လည်မျှဝေပါမည်။ ကာယကံရှင်များ၏ လုံခြုံရေးအရ ၄င်းတို့၏အမည်နှင့် ဖြစ်ပွားရာဒေသကိုမူ ဤတွင် ဖေါ်ပြမည်မဟုတ်ပါ။

အစိုးရစစ်တပ်များ ၄င်းတို့၏ ရွာအတွင်းသို့ ၀င်ရောက်လာခဲ့ကြသည်။ ရွာအတွင်းတွင် တိုက်ပွဲလည်း မဖြစ်။ မည်သည့် ကေအိုင်အေစစ်သားမျှလည်း မရှိ။ ရွာသူရွာသားများ အားလုံးနီးပါးမှာ ကြောက်လန့်၍ ထွက်ပြေးသွားခဲ့ကြသည်။ ၄င်းတို့မိသားစုတွင် သားသမီးနှစ်ဦး ရှိသည်။ ခင်ပွန်း၏ဖခင်မှာ အသက်ကိုးဆယ် အရွယ်အဖိုးအို ဖြစ်သည်။ ၄င်းလည်း အတူတကွ တအိမ်တည်း နေထိုင်ခဲ့ကြသည်။ ခင်ပွန်းက ဖခင်အိုကြီးကိုပါ တပါတည်း ခေါ်ဆောင်ကာ မိသားတစုလုံး ထွက်ပြေးကြရန် ပြင်ဆင်ရာ ၄င်းက တူးတူးခါးခါး ငြင်းဆန်သည်။ သူ အသက်ကြီးပြီဖြစ်၍ အခြားနေရာသို့ မသွားလိုတာ့။ သွားလည်း မသွားနိုင်တော့။ သူ တသက်လုံးနေထိုင်ခဲ့သည့် ဤရွာမှာပင် အသေခံတော့မည်ဟု ဆိုသည်။

သို့နှင့် ခင်ပွန်းသည်မှာလည်း ဖခင်အိုကြီးကို ပစ်ထားပြီး မသွားရက်နိုင်သဖြင့် ဇနီးနှင့် ခလေးနှစ်ဦးကို အခြားရွာသူ ရွာသားများနှင့်အတူ ထွက်ပြေးနိုင်အောင် စီစဉ်ပေးလိုက်သည်။ သူကမူ ဖခင်အိုကြီးနှင့်အတူ ရွာနှင့် မလှမ်းမကမ်း တနေရာတွင် တောစပ်ထဲတွင် ပုန်းအောင်းကျန်ခဲ့သည်။ သစ်ခက်သစ်ရွက်များကို အိပ်ယာအိပ်ခင်းသဘွယ်ပြု၍ မြောက်သတ္တ၀ါများကဲ့သို့ သားအဖ နှစ်ဦးအိပ်စက် နားနေကြရင်း ရွာတွင်းရှိ အစိုးရစစ်ကြောင်း၏ အ၇ိပ်အခြေကို စောင့်ကြည့်နေကြသည်။ ဇနီးနှင့် ခလေးနှစ်ဦးမှာ သွားလာရေး အခက်အခဲအမျိုးမျိုးကို ဖြတ်သန်းပြီး ဒုက္ခသည်စခန်းတခုသို့ ရောက်သွားကြသည်။ ခင်ပွန်းသည်က ၄င်းတို့တွင်ရှိသော တရုတ်ဖုံးကို သုံး၍ ဇနီးထံ အစိုးရ စစ်ကြောင်း၏ အခြေအနေကို ဆက်တိုက်ပြောပြနေရင်း အားပေးနှစ်သိမ့်ခဲ့သည်။

“မိန်းမရေ။ မပူနဲ့ကွ။ စစ်သားတွေ ရွာကနေ ထွက်သွားကြတော့မယ်။ ငါတို့အိမ်ကလေး အခုအချိန်အထိ ဘာမှမဖြစ်ဘူး။ မင်းတို့ကျမ္မာအောင်နေ။ စိတ်မပူနဲ့။” ယင်းသို့ အထပ်ထပ် အားပေးနေသည့်အတွင်း သူ့မျက်စိရှေ့မှောက်မှာပင် စစ်သားများက သူတို့မိသားစု၏ အိမ်ကလေးအပါအ၀င် ရွာအတွင်းရှိ အိမ်အချို့ကို မီးရှို့လိုက်ကြသည်။ ခင်ပွန်းသည်မှာ ကြည့်နေရင်းမှပင် စိတ်ပိုင်းဆိုင်ရာ ကြီးမားစွာ ထိခိုက်ခံစားလိုက်ရသည်။ အရူးတပိုင်းမျှ ဖြစ်သွားခဲ့သည်။ ရွာအတွင်းမှ အစိုးရစစ်ကြောင်း ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သော်လည်း သူသည် သူ့မိသားစုရှိရာ ဒုက္ခသည်စခန်းသို့ သွားရောက်ပြီး မနေနိုင်။ ဖခင်အိုကြီးကို စောင့်ရှောက်ပြီး နေရသည်။ နေစရာအိမ်မရှိ။ စားစရာလည်းမရှိ။ မီးလောင်ပြီး ကျန်ခဲ့သည့် စပါးအကြွင်းအကျန်များကို ရှာဖွေကာ ထုထောင်း အခွံချွတ် ချက်ပြုတ်ပြီး ဖခင်အိုကြီးကို ကျွေးမွေးရသည်။

ဤသည်မှာ တကယ့်အဖြစ်အပျက်ပါ။ ထိုမိသားစုမှာ ယခုတိုင် အသက်ရှင်နေဆဲဖြစ်သည်။ အလားတူ နိုင်ငံတကာ စစ်ရာဇ၀တ်မှုမြောက်သည့်မှုခင်းမျိုးများ ကချင်ပြည်နယ်တွင် အတော်များများ ဖြစ်ပွားလျှက်ရှိသည်။ “လူ့အခွင့်အရေးချိုးဖေါက်မှုမှန်သမျှကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟူ၍ ကမ္ဘာသိကြေငြာကာ လူထုအများ၏ သောင်းသောင်းဖျဖျ သြဘာလက်ခုပ်များကို ခံယူခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်အတွင်းရှိ မည်သည့် အမှုအခင်းတခုတလေကိုမျှ အရေးယူကိုင်တွယ်နေသည်ဟု မကြားမိပါ။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၁၄) ရက်နေ့က လိုင်ဇာတွင် စစ်အစိုးရတပ်များက လက်နက်ကြီးများနှင့် ပစ်ခတ်သဖြင့် အရပ်သား သုံးဦး သေဆုံး၊ လေးဦး ဒဏ်ရာရခဲ့သည်။ ဤသည်မှာလည်း စစ်ရာဇ၀တ်မှု အထင်အရှားပင်။ “အရပ်သား လူထုတွေ သေကြေတဲ့အထိ ပစ်ခတ်တိုက်ခိုက်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။” ဟူ၍ ဒေါ်အောင်ဆန်းစုကြည်သည် နုတ်ကလေးမျှပင် ဖွင့်ဟခြင်း မရှိပါတကား။

“ကျမက ပြင်းပြင်းထန်ထန် မပြောလို့ မကြေနပ်ရင် မကြေနပ်ပါစေ ရတယ်။” ဟူ၍ ပြောင်ပြောင်တင်းတင်း ပြောခဲ့သလိုပင်။ သူမသည် မည်သူ ကြေနပ်သည် ဖြစ်စေ၊ မကြေနပ်သည် ဖြစ်စေ၊ ဂရုစိုက်လိမ့်မည်မဟုတ် ဟူသည့် အနေအထားမျိုးနှင့် ခပ်တင်းတင်းပင် ဆက်လက်လျှောက်လှမ်းတော့မည်လား။ စိုးရိမ်မိသည်မှာ အမှန်ပင်။ ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးအတွင်းမှာပင် လူထုအသံဟူသည်မှာ အဓိပ္ပါယ်ရောရှိရဲ့လား။ နိုင်ငံတကာစစ်ရာဇ၀တ်မှု ကဲ့သို့သော မှုခင်းကြီးများကိုပင် ဥပက္ခာပြုထားနေလျှင် ဥပဒေစိုးမိုးရေးကို မည်သည့်အခါတွင် ရနိုင်ပါမည်နည်း။ အစရှိသဖြင့် တွေးတောစရာ တပုံတပင် ရှိလာပါတော့သည်။



“ရှေးသရောအခါ၌ “မတရားတဲ့ အမိန့်အာဏာဟူသမျှ၊ တာဝန်အရ ဖီဆန်ကြ။” ဟူ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြွေးကြော်သံထုတ်ကာ လူထုကို လှုံ့ဆော်စည်းရုံးခဲ့ဖူးသည်။ ထိုကြွေးကြော်သံကို ဒီချုပ်ခေါင်းဆောင်များ ၀ိုင်းဝန်းရေးသားခဲ့ကြစဉ်က “တာဝန်အရ” ဟူသော စကားလုံးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထည့်သွင်းခဲ့သည်ဟု လေ့လာရသည်။ ယခု ဒီချုပ်၏ ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါဆောင်ပုဒ်ကို မည်သို့သဘောထားပါဦးမည်နည်း။ ယနေ့အချိန်တွင် မြန်မာနိုင်ငံအတွင်း၌ မတရားတဲ့ အမိန့်အာဏာများ ကင်းစင်သွားပြီဖြစ်သဖြင့် ယင်းဆောင်ပုဒ်အား အသုံးပြုရန် မလိုတော့ဟု ပြောပါမည်လား။ သို့မဟုတ် ဆောင်ပုဒ်ကို “မတရားတဲ့ အမိန့်အာဏာဟူသမျှ၊ တာဝန်အရ ငုံ့ခံကြ။” ဟူ၍ ပြောင်းလဲလိုပါသလား။ ဤသို့ပြောင်းလဲကျင့်သုံးလျှင် ဥပဒေစိုးမိုးရေး ရနိုင်ပါမည်လား။”

ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ဆောင်ရွက်ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်သည့်အခါတွင် အကျိုးရှိနိုင်မည်နည်း။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲအရှိန်ပြင်းထန်လာသည်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖြေရှင်းပေးရန် တောင်းဆိုသံများ ပို၍ ပို၍ ကျယ်လောင်စွာ ကြားလာရသည်။ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင်ရွက်သည် ဆိုစေဦး။ မည်သည့်အနေအထားဖြင့် ဆောင်ရွက်မည်ဟူသည်မှာ အရေးကြီးလာသည်။ အမှန်တရားကို မဖေါ်ထုတ်၊ အမှန်တရားဘက်မှ မရပ်တည်ဘဲ၊ အလယ်မှာနေသည်ဟု ကြွေးကြော်ကာ မရှင်းမရှင်း ဆောင်ရွက်မှုများ ရှိလာလျှင် နစ်နာမှုများ ပေါ်ပေါက်လာနိုင်မလား ဟူ၍ ရိုးသားစွာ စိုးရိမ်မိသည်။ အဘယ်ကြောင့်နည်း။

စစ်အစိုးရဘက်က နိုင်ငံရေးဆွေးနွေးမှုများလုပ်မည်ဟု ကမ်းလှမ်းရာတွင် ဦးအောင်မင်းက ဥပဒေဘောင်အတွင်းက ပေးနိုင်သမျှ အခွင့်အရေးများ အားလုံးပေးသွားမည်ဟု ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။ ဦးအောင်မင်း ဆိုလိုသည့် ဥပဒေဘောင် ဆိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ကို ဆိုလိုခြင်းဖြစ်သည်။

လိုင်ဇာကို လက်နက်ကြီးများနှင့် ပစ်ခတ်ပြီးနောက် ဇန်န၀ါရီလ ၁၅ ၇က်နေ့တွင် အစိုးရ၏ ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ်၏ အပြောကို လေ့လာမည်ဆိုလျှင်လည်း အပစ်အခတ်ရပ်စဲရေးမှာ အဓိကဖြစ်သည်။ ဦးသိန်းစိန်အစိုးရအနေဖြင့် ကေအိုင်အေအား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးစေခြင်သည်မှာ တပိုင်းသေလောက်အောင် ဆန္ဒရှိနေသည်။

အဘယ်ကြောင့်ဆိုသော် အပစ်ရပ်ပြီးလျှင် ရခိုင်ပြည်နယ်မှ သဘာဝဓါတ်ငွေ့များ တရုတ်ကို ရောင်းချုနိင်ရေးအတွက် ကချင်ပြည်နယ်နယ်စပ်ကို ဖြတ်သန်းသွားသည် ပိုက်လိုင်းတည်ဆောက်ရေးလုပ်ငန်းများ လုံခြုံစွာလုပ်ဆောင်နိုင်မည်။ အစိုးရလိုင်စင်ချပေးထားသည့် ကျောက်တွင်းတူးကုမ္ပဏီများက တူးယူထားပြီး ဖားကန့်ဒေသ ဂိုဒေါင်များအတွင်းမှာ ပင်အောင်းနေသည့် ကျောက်စိမ်းတုံးများကို ထုတ်ယူကာ နေပြည်တော်တွင် ကျောက်မျက်ရတနာပြပွဲ ခင်းကျင်း ရောင်းချနိုင်တော့မည်။ တာပိန်ရေအားလျှပ်စစ်စီမံကိန်ုးကို ပြန်လည်လုပ်ဆောင်နိုင်မည်။ ကချင်ပြည်နယ်ကို ဖြတ်သန်းပြီး တရုတ်ပြည်ဘက်သို့ ကုန်သွယ်ရေးလမ်းကြောင်းသစ်များကို ဖေါက်ပြီး အကျိုးအမြတ်ရှာနိုင်တော့မည်။

သို့ဖြစ်၍ အပစ်အခတ်ရပ်စဲရေးကို ဦးတည်၍ ထိုးစစ်ကြီးများ ဆင်နွှဲ၊ စစ်ရေးအရ အကြီးအကျယ် ဖိအားပေး၊ အရပ်သားများ နေထိုင်နေကြသည်ကို သိပါလျှက် လိုင်ဇာမြို့ကိုပါ အမြှောက်ကြီးများနှင့် ပစ်ခဲ့ခြင်းဖြစ်သည်။ အရပ်သားများ သေကြေသည်အထိ စစ်ဖြစ်နေပြီဟု တကမ္ဘာလုံးက သိသွားလျှင် နှစ်ဖက်အပစ်အခတ် ရပ်ကြဘို့ ဖိအားပေးမှုများ အားကောင်းကောင်းနှင့် ကျရောက်လာမည်။ အပစ်အခတ်ချက်ခြင်းရပ် ဟူသော အသံများ ကျယ်ကျယ်လောင်လောင် ထွက်လာမည်။ ထိုအခါတွင် အစိုးရဘက်ကတော့ အပစ်ရပ်ရန် အသင့်ရှိပါလျှက် ကေအိုင်အေက မိုက်မိုက်ကန်းကန်း ဆက်တိုက်နေသဖြင့် မသေသင့်သော လူထုများ သေကြေနေခြင်းဖြစ်သည်ဟု အစိုးရက အသံကောင်းဟစ်ဦးမည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။

ယင်းအမှန်တရားကို ဒေါ်အောင်ဆန်းစုကြည် သိမြင်ဘို့ ကြိုးစားပါမည်လား။ သိမြင်သည် ထားဦးတော့ ကမ္ဘာသိအောင် ဖေါ်ထုတ်၇ဲပါမည်လား။ “စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက်ဘူး။” ဟူ၍သာ တတွတ်တွတ် ရွတ်နေရုံမျှဆိုလျှင်မူ ဦးသိန်းစိန်၏ စစ်အစိုးရက များစွာဝမ်းမြောက်ပါမည်။ နှစ်ဘက် အပစ်အခတ်၇ပ်စဲရေးသာ အဓိကဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သက်ဆိုးရှည်စေမည့် နိုင်ငံရေးဆွေးနွေးပွဲကိုသာ ဦးတည်နေသောကြောင့်ပင်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ၏ အရင်းခံမှာ ပြည်ထောင်စုတည်ဆောက်ရေးပြသနာဖြစ်သည်။ ယင်းနှင့် စပ်လျှဉ်းသည့် အမှန်တရားမှာ ပင်လုံစာချုပ်ဖြစ်သည်။ ပင်လုံစာချုပ်ပါ တိုင်းရင်းသားပြည်နယ်များ၏ အခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖေါ်ဆောင်ရန် ကြိုးပမ်းမည်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အလုပ်မဖြစ်နိုင်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီး (၁၁) ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ယူအင်န်အက်ဖ်စီက ပြောကြားခဲ့ပြီးဖြစ်သည်။ အဖွဲ့ဝင်တဖွဲ့ဖြစ်သည့် ကေအိုင်အိုကလည်း ယင်းအတိုင်းပင် ရပ်တည်သည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တောင်းဆိုသည်။ ၂၀၁၃ ဇန်န၀ါရီလ (၁၄) ရက်နေ့ မှာပင် ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်း၏ အောက်ပါ အင်တာဗျူးကို လေ့လာပါ။

“အဓိကကတော့ တိုင်းရင်းသားတွေ ပြောဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ၀ိုင်းပြီးတော့ တည်ဆောက်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှုကို စတင်ဖို့ပါပဲ။ အရင်တုန်းက (အစိုးရက) နိုင်ငံရေးဆွေးနွေးဘို့ မပြောဘူး။ ဒီနောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးရအောင်လို့ ပြောလာတယ်။ ဒါပေမဲ့ သူတို့ရင်ထဲမှာ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကပဲ လုပ်ဆောင်သွားကြမယ် ဆိုတာမျိုး။ ပြောရရင်တော့ ဒီနိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ကိစ္စလည်း အဖြေကောင်းရနိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်ပေါ်လာနိုင်စရာအကြောင်း မရှိဘူး။ ဒါကြောင့် တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှုကို ပုံဖော်သွားမယ်ဆိုရင်တော့ ဒီကိစ္စ လွယ်လွယ်နဲ့ ပြေလည်သွားမှာပါ။ အခု သူတို့ ဆန္ဒရှိပြီး အခု ဖော်ထုတ်လိုက်တာနဲ့ တစ်ရက် နှစ်ရက်အတွင်းမှာ အေးငြိမ်းသွားနိုင်တဲ့ကိစ္စ ဖြစ်တယ်။”

လမ်းနှစ်သွယ်မှာ ရှင်းနေပါသည်။ ဦးသိန်းစိန်အစိုးရက အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးလုပ်၊ နိုင်ငံရေးဆွေးနွေးပွဲဟူသည်ကို မြှောထားကာ ကေအိုင်အိုအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းသို့ ပြန်လည်ရိုက်သွင်းရန်သာဖြစ်သည်။ အမျိုးသားညီလာခံကို ၁၅ နှစ်တာ အချိန်ဆွဲကာ ဦးဆောင်ကျင်းပခဲ့သော ဦးသိန်းစိန်သည် မည်သည့် ဦးတည်ချက်ကို သွားမှန်းမသိသော နိုင်ငံရေးဆွေးနွေးပွဲဟူသည်ကို နောက်ထပ် နှစ်ပေါင်းများစွာ အချိန်ဆွဲကာ ကျင်းပသွားရန်မှာ မည်သို့မျှ အခက်အခဲမရှိနိုင်ပါ။ ဤသည်မှာ စစ်အစိုးရ လျှောက်လှမ်းနေသော နိုင်ငံရေးလမ်းကြောင်းဖြစ်သည်။

သို့ဖြစ်၍ ကေအိုင်အိုသည် နိုင်ငံရေးဆွေးနွေးပွဲ၏ တိကျသော ဦးတည်ချက်ကို ကြိုတင်အာမခံချက် ရထားလိုပုံရှိသည်။ ပင်လုံစာချုပ်ကို ပြန်လည်ဖေါ်ထုတ်ကျင့်သုံးရန် အပစ်အခတ်ရပ်စဲရေး ပျက်ပြီးကထဲက ကေအိုင်အိုက ပိုမို အလေးအနက်ထား တိုက်တွန်းလျှက်ရှိသည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုလည်း ထပ်ခါထပ်ခါ တင်ပြလျှက်ရှိသည်။ ပင်လုံစာချုပ် အခြေခံပေါ်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု ဦးသိန်းစိန်အစိုးရက တရားဝင် ကြေငြာပြီးနောက်တွင် အပစ်အခတ်ရပ်စဲရေးကို လက်ခံ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်သွားလိုပုံရသည်။ ဤသည်မှာ ကေအိုင်အို လျှောက်လှမ်းလိုသော နိုင်ငံရေးလမ်းကြောင်းဟု စာရေးသူ နားလည်သည်။

ကချင်ပြည်နယ်စစ်ပွဲကို အဓိကထားလျှက် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ဖြေရှင်းရန် ကြိုးပမ်းမည်ဆိုပါက ဤလမ်းနှစ်သွယ်အနက် မည်သည့်လမ်းပေါ်တွင် ရပ်တည်၍ ဆောင်ရွက်မည်နည်း။ အလယ်မှာ ရပ်ပြီး နှစ်ဘက်ကြေနပ်အောင်လုပ်ရန် မဖြစ်နိုင်ပါ။ ဆွေးနွေးညှိနိုင်းကြပါ၊ စကားပြောကြပါဟု ဆိုကာ စစ်အစိုးရ အလိုကျ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းသို့ ခေါ်သွင်းသည့် အလုပ်ကို ဒေါ်အောင်ဆန်းစုကြည် လုပ်လိမ့်မည်မဟုတ်ဟု မြှော်လင့်ပါသည်။

၂၀၁၂ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့တွင် လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တိုင်းရင်းသားတွေ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်ဟုဆိုကာ ဖက်ဒရယ်ဥပဒေမူကြမ်း တခုရေးသားရန် လွှတ်တော်အမတ်များဖြစ်ကြသည့် ဦးတီခွန်မြတ်နှင့် ဒေါ်နန်းဝါနုတို့အား တာဝန်ပေးခဲ့သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖက်ဒရယ်ကို ခွဲထွက်ရေးဟူ၍ ၀ါဒဖြန့်ကာ တိုင်းရင်းသားအခွင့်အရေးကို ငြင်းပယ်၊ ပြည်ထောင်စု မပြိုကွဲရေးဟူသည်ကို အကြောင်းပြကာ တိုင်းရင်းသားပေါင်းစုံ လူထုတရပ်လုံးကို နှစ်ပေါင်းငါးဆယ်ကျော် ဖိနှိပ်အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်များက ဖက်ဒရယ်ဟူသည်မှာ တိုင်းရင်းသားများ၏ အခွင့်အရေးကို အာမခံချက်ပေးသည့် ပြည်ထောင်စု တည်ဆောက်ပုံဖြစ်ကြောင်း အတိအလင်း ၀န်ခံလာခဲ့ရပြီဖြစ်သည်။

သို့ရာတွင် စစ်အာဏာရှင်များသည် ဖက်ဒရယ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှာပင် တည်ဆောက်၍ ရနိုင်သလိုလို ပုံဖေါ်ကာ တိုင်းရင်းသားအဖွဲ့အစည်းများအား ဆက်လက်လှည့်ဖျားရန် ကြိုးပမ်းနေဆဲဖြစ်သည်။

                                               အောင်ထူး (ရှေ့နေ)

No comments:

Post a Comment