Friday 18 January 2013

ရချင်ရင် အရင်ပေးပါ နှင့် အမှိုက်ပုံးလူသား

ရချင်ရင် အရင်ပေးပါ နှင့် အမှိုက်ပုံးလူသား



မနေ့က ဘူဖျောင်းမှာ တိပိဋကဆရာတော် ဒေါက်တာ ဂန္ဓမာလာဘိဝိသရဲ့ တရားပွဲမှာ တရားနာခဲ့တဲ့အထဲက ပြန်မျှဝေချင်တာလေးတစ်ချို့ ကိုချရေးလိုက်ပါတယ်။
၁။ ကိုယ်မကြိုက်တာ သူများကိုလုံးဝမပေးပါနဲ့။
၂။ ကိုယ်ကြိုက်တာတွေပဲ သူများကိုပေးပါ။
၃။ ကိုယ်ပေးတာတွေပဲ ကိုယ်ပြန်ရပါမယ် ... တဲ့။
မကြိုက်တာ/ကြိုက်တာဆိုတဲ့နေရာမှာ ပစ္စည်းအသုံးအဆောင်တွေသာမက၊ ကိုယ်မနှစ်သက်တဲ့ အပြုအမူ၊ အပြောအဆို၊ အမူအယာ၊ ကာယကံ၊ ၀စီကံ၊ မနောကံ အားလုံးကိုဆိုလိုပါတယ်။ ကိုယ့်ကို လိမ်တာမကြိုက်ရင် ကိုယ်လည်းသူများကိုသွားမလိမ်နဲ့ ကိုယ့်ကို မထေမဲ့မြင် လုပ်တာ မကြိုက်ရင် ကိုယ်ကလည်း သူများကို မထေမဲ့မြင် မလုပ်နဲ့ စသည်ဖြင့် ဖြန့်တွေးကြဖို့ဖြစ်ပါတယ်။

နောက်တစ်ခုက အမှိုက်ပုံးလူသားဆိုတဲ့ ဆောင်းပါးလေးကိုပြန်ပြောပြတာပါ။ အမှိုက်လူသား သုံးမျိုးရှိပါတယ်တဲ့
၁။ အမှိုက်ပြစ်သူများ
၂။ အမှိုက်ကောက်သူများ နှင့်
၃။ အမှိုက်လက်ခံသူများ ဆိုပြီးတော့ဖြစ်ပါတယ်တဲ့။
အမှိုက်ပြစ်သူတွေကတော့ ကိုယ့်ပုဂ္ဂလိက အဆင်မပြေတာတွေရှိတိုင်း ဒေါသတွေ သူများပေါ်ပုံချ အမှိုက်ပြစ်သူများ။ အကြောင်းမရှိ အကြောင်းရှာ သူများမကောင်းကြောင်းပြော အမှိုက်ပြစ်သူများ ဖြစ်ကြပါတယ်တဲ့။ အခုခေတ်မှာတော့ လူချင်းတွေ့မှ အမှိုက်ပြစ်လို့ ရတာ မဟုတ်ပဲ ဖုန်းနဲ့လှမ်းပြစ်လို့လည်းရ၊ အင်တာနက် FB ပေါ်ကနေလှမ်းပြစ်လို့လည်းရ၊ ဘလော့ရေးပြီးပြစ်လို့လည်းရနဲ့ နည်းပေါင်းစုံ အမှိုက်ပြစ်နေကြတာမို့ ကိုယ်က အမှိုက်တွေ လိုက်မကောက်မိဖို့လိုပါတယ်တဲ့။ အမှိုက်ကောက်သူတွေကတော့ သူများ အပြစ်တွေ လိုက်ရှာ ကောက်ယူနေသူတွေဖြစ်ပြီး အမှိုက်သိမ်းဆည်းသူများကတော့ ကိုယ့်စိတ်ထဲဖြစ်နေတဲ့ မကျေမချမ်း အညစ်အကြေး အမှိုက်တွေကို မသုတ်သင်ပဲ အကြာကြီးသိမ်းထားသူတွေဖြစ်ပါတယ်တဲ့။ နောက်ဆုံး အမှိုက်လက်ခံသူဥပမာကိုတော့ ဆရာတော်က မဟာယာနတွေပြောတဲ့အထဲက ဇာတ်လမ်းတိုလေးနဲ့ပြောပြပါတယ်။ မဟာယနဘုန်းတော်ကြီး နှစ်ပါး ရေစီးသန်တဲ့ ချောင်းကိုဖြတ်ကူးဖို့လုပ်နေတုန်း မိန်းကလေးတစ်ယောက်ကလည်း မဖြတ်ကူးရဲလို့ ဒုက္ခတွေ့နေတာမို့ ဘုန်းကြီးတစ်ပါးက ပွေ့ချီပြီးဖြတ်ကူးပေးခဲ့ပါတယ်တဲ့ ဒါကို ကျန်တဲ့ ဆရာတော်က အရှင်ဘုရား ဒီလိုလုပ်တာ ဘယ်ကောင်းမလဲ အာပတ်သင့်တယ်လို့ မကြေနပ်ကြောင်းပြောပါတယ်။ အဲဒီအကြောင်းကို တစ်နှစ်လည်းပြောမပြီး နှစ်နှစ် သုံးနှစ်ကြာ တဲ့အထိ သတိရတိုင်းထပြောနေလို့ ပထမဆရာတော်က ဒုတိယဆရာတော်ကို အရှင်ဘုရား တပည့်တော်က အဲဒီဒကာမကို ချောင်းဖြတ် ကူးစဉ်ပွေ့ချီခဲ့ပြီး ဟိုဘက်ကမ်းရောက်တာနဲ့ ချထားခဲ့ပါပြီ။ အရှင်ဘုရားကသာ အခုလို နှစ်ပေါင်းကြာတဲ့အထိပွေ့ချီထားဆဲဖြစ်ပါတယ် လို့ပြန်ပြောလိုက်ပါတယ်တဲ့။

ဒါကြောင့်မို့ ဒကာ ဒကာမတို့တွေလည်း အမှိုက်ပြစ်သူတွေလည်းမဖြစ်စေနဲ့ အမှိုက်လည်းလိုက်မကောက်နဲ့ အမှိုက်တွေလည်းသိမ်း မထားနဲ့ အမှိုက်တွေလိုက်ကောက် သိမ်းဆည်းနေရင် မိမိကတော့ အမှိုက်ပုံးလိုလူဖြစ်နေမှာပါပဲလို့ ပြောဆို ဆုံးမသွားခဲ့ပါတယ်။
 နာကြားခဲ့တဲ့တရားကို ထပ်ဆင့်အမျှပေးဝေလိုက်ပါတယ်။......အမျှ အမျှ အမျှ ယူတော်မူကြပါ။

 

                                 ဒေါ်ရွှေမာသန်း (ခေတ္တ-ကိုရီးယား)

No comments:

Post a Comment