Wednesday 9 January 2013

လက်ပံတောင်းတောင်အရေး တန်ဖိုးခြားနားချက်


လက်ပံတောင်းတောင်အရေး တန်ဖိုးခြားနားချက်



လက်ပံတောင်းတောင် အရေးကိစ္စကို ဘယ်သူမှန်ဘယ်သူမှားဆိုသည်ကို အရင်ဦးစွာ မပြောသေးပဲ ဖြစ်စဉ်နှင့် လုပ်ရပ်များ အပေါ် အကြမ်းဖျဉ်းသုံးသပ်ကြည့်ကြပါစို့။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အလျှောက် တရားတော်အရ “ရန်ကိုရန်ချင်း မတုန့်နှင်းရာ၊ သည်းခံခြင်းသာ အောင်မြင်ရာ၏” ဟူ၍ သာရှိ၏။ မိမိ၏ နိုင်ငံနှင့်လူမျိုး အပေါ်ကို တိုင်းတစ်ပါးက စော်ကားလာပါက လွန်စွာ မနှေး လက်တုံ့ပြန် သင့်သည်။ မည်သည့်လူမျိုး မဆို မိမိ၏ နိုင်ငံနှင့် လူမျိုး အပေါ်။ “ကတညုတ၊ကတဒေ၀ီ” မင်္ဂလာတရား တော်နှင့်အညီ တာဝန်ကျေပွန်အောင် ကျင့်ကြံအား ထုတ်ဖို့ လိုအပ်ပါ၏။ သူတပါးကို မစော်ကားသင့်ပေ။

တိုင်းတပါးမှ မဟုတ်ပဲ မိမိလူမျိုးခြင်းမှာမှ နိုင်ငံနှင့် လူမျိုးအပေါ် စော်ကားလာပါက စဉ်းစားစရာ အချက်(၂)ချက်ရှိသည်ဟု ထင်ပါသည်။ (၁) အဖြစ်မှန်ကို စုံစမ်း၊ ချဉ်းကပ်ပါ။ (၂) မှန်ကန်သည့် ဘက်တွင် တရားမျှတသည့် ဓမ္မနည်းလမ်းဖြင့် ရပ်တည်ပါ။

တစ်ဖက်က မှားယွင်းသည်ဖြစ်စေ အေးချမ်းစွာ ဆန္ဒပြနေမှုကို ရက်စက်စွာ အကြမ်းဖက် ဖြိုခွင်း လိုက်ခြင်းသည် တိုင်းတပါး သားများ လာရောက် စော်ကားသည်ကို လက်တုန့်ပြန်လိုက်သည်နှင့်ပင် တူသေး၏။ ဆန္ဒပြသူလည်း မှားကြပါပဲ။ လူဆိုတာ မှားတဲ့အမျိုးမို့ ရှိစေတော့။ အန္ဓပုထုဇဉ်တွေကိုး။ သိုသော် ကိုယ်ထိလက်ရောက် စော်ကားမော်ကားပြုခြင်းမျိုးလောက် မမှားယွင်းမိခဲ့။ အမှန်ဆို အေးချမ်းစွာ ပြီးဆုံး၍ ငြိမ်းငြိမ်းချမ်းချမ်း ကျေလည်သွားသင့်သည်။

အစိုးရမူဝါဒအရ နိုင်ငံတော်ကို စော်ကား ကျူးကျော်လာသူအား တိုက်ခိုက်ရေးမှု သုံးမည်ကို အားလုံး သိကြ၏။ သို့သော် တိုက်ခိုက်ရလောက်အောင် ပြင်းထန်သော လက်ရောက်ပြစ်မှုမျိုးလား ဆိုသည် ကိုတော့ ဆန်းစစ်ဖို့လိုသည်ဟု မြင်သည်။ ထစ်ခနဲ ရှိ ၀ုန်းဒိုင်းကြဲဆိုသောမူ မှာ စိတ်ပျက်စရာပင်။ အကြမ်းဖက် တိုက်ခိုက်မည့်အစား အခြားကောင်းသော နည်းများစွာ ရှိပါသေး၏။ စေ့စပ်ညှိနှိုင်းသော နည်း။ အပေးအယူနည်း စသည့်နည်းများ အသုံးပြုနိုင်ပါသည်။

မိမိသားသမီး အပေါ် အမှန်တကယ် ချစ်မြတ်နိုးသော ဘယ်မိဘတိုင်းမဆို ကိုယ့်သားသမီး ဆိုးမိုက်ခဲ့ ရင်တောင် နားဝင် လာအောင် တဖြည်းဖြည်း စည်းရုံး၊ ချော့သွင်း တတ်ကြစမြဲပါ။ တကယ် ပေလျာ ယကန် ပြုလိုက်တယ် ဆိုရင်တောင် ချစ်စိတ် တစ်ဝက်ရှိနေ သေးလို့ပါပဲ။ စာဆိုတောင် ရှိသေး။ မအားဘူးဆိုတာ မလာချင်လို့၊ မခေါ်မပြောချင်ဘူး ဆိုတာ မုန်းလို့တဲ့။ ကိုယ့်သားသမီးကို ကျိုးကန်း စုတ်ပြတ်အောင် ရိုက်နှက်သတ်ဖြတ်တယ်ဆိုတာကတော့ အဆိုးရွားဆုံးပါပဲ..။ တကယ်မချစ်ဘူး ဆိုတာ သိပ်သိသာလွန်းပါရဲ့။ မိဘနဲ့သားသမီးဆိုတာ ဘ၀အဆက်ဆက်က ရန်ဘက်လို့ ကြားခဲ့ ဖူးပါရဲ့။ သို့ပေမယ့် လောကသဘာဝအရ မခေါ်မဖက် ချင်ရသေးပေမယ့် မတော်မစပ် ချင်ရင် တောင် မရတော့တာမို ရစ်သော်လည်း ခြောက်ကာကြမ်း၊ မချစ်သော်လည်း အောင့်ကာနမ်းရသည် ချည်း သာပင်။ မိဘတို့မည်သည် စုန်ရေ သဘောတည်း။ မိဘမေတ္တာအကြောင်း သိန်းသန်းကုဋေမက ပုံပြင်တွေရှိခဲ့ဖူးပြီး။ မင်းအစိုးရသည်လည်း ပြည်သူတို့၏ မိဘ မဟုတ်လော။ ကိုယ့်သားသမီး အပေါ် တကယ် ချစ်မြတ်နိုးသော ဘယ်မိဘတိုင်းမဆို အကြမ်းဖက် ဆုံးမသောနည်းကို ရှောင်ရှားမြဲပင်။ အကြမ်းဖက် ဆိုရာ၌ ရည်ရွယ်ချက်ရှိရှိ နှင့် ကိစ္စတုံးအောင် ပြုလုပ်ခြင်းကို ဆိုလိုပေ၏။

သပိတ်တပ်အား အကြမ်းဖက် ဖြိုခွင်းခံရသူများမှာ သာမာန်လူဆိုလျှင် ဖြေသာနိုင်စရာ ရှိသေး၏။ ယခုက ဘုရားသားတော် သံဃာတော်။ ဘယ်လိုစိတ်မျိုးနှင့်မျှ ဖြေသာနိုင်စရာ ကောင်းကွက်မရှိ။ သံဃာဟာ သံဃာလို မနေလို့ ဆိုသည်ကို မည်သူမျှ ပြောခွင့်မရှိ။ သံဃာမဟုတ်လျှင် သံဃာ့ဂိုဏ်းမှ ၀ိုင်းကြဉ်လိမ့်မည်။ ဗုဒ္ဓ၀ါဒအတိုင်း လောကတွင် ကိုယ်ပြုသမျှ ကိုယ်ခံရသည်ချည်း။ မှားသည် မှန်သည်ကို မဟူလို။ အကောင်းဆုံး စေစပ်ညှိနှိုင်း ဆောင်ရွက်ရမည့်အစား ထိုသို့ လက်တုန့်ပြန် လိုက်သဖြင့် အားလုံးအပေါ် စိန်ခေါ်တပ်လှန့် လိုက်သကဲ့သို့ ဖြစ်သွားရချေ၏။

အရက်ဆိုင် ဆိုကြပါစို့။ အရက်သမားတစ်ယောက် ဘယ်လောက်ပဲရစ်ရစ် ဂျီတိုက်နေပါစေ။ ကိုယ့်ဆိုင် ရောင်းကောင်း ရေးတော့ အရက်ဆိုင်ရှင်တိုင်း သည်းညည်းခံရမှာပဲ။ ဘာလို့ဆို ငွေလိုချင်တာကိုး။ တစ်ယောက်ကို ဆက်ဆံလိုက်ရင် ၁၀၀ ကို ဆက်ဆံလိုက်တာနဲ့ အတူတူပဲဆိုတဲ့ စိတ်နဲ့ အရက် ဆိုင်ရှင်တောင် အရက်သမားဖောက်သည် အပေါ်သည်းခံ လိုက်လျော ခွင့်လွှတ်နိုင် သေးတာပဲ။ ဒီလို ဘာမဟုတ်တဲ့ အသားပဲ့ပါမသွားတဲ့ စီတန်း ဆန္ဒပြမှုလေးကိုတောင် ကျေးဇူးရှင် မိဘပြည်သူ ဆိုတဲ့ မျက်နှာလေးတောင်မှ မထောက်ပဲ အရက်ဆိုင်ရှင် စိတ်မျိုးလေးတောင် မမွေးနိုင်ပဲ တစ်နိုင်ငံလုံးရဲ့ ယုံကြည်ချစ်ခင်မှုကို ရချင်နေတာမျိုးတော့ မဖြစ်သင့်ပေ။ အစုဖွဲ့ သေးသေးလေး အပေါ် ဆက်ဆံလိုက် ခြင်းဟာ အစုဖွဲ့ အကြီးကြီး အားလုံးအပေါ် ဆက်ဆံလိုက်တာနဲ့ အတူတူပဲ ဆိုတဲ့ အတွေးမျိုး ကြို မတွေးခဲ့ဘူးထင့်။ သူတို့ အရေး မပါလောက်ဘူး ထင်ခဲ့သော အမှားလေးများသည် ဖျက်မရနိုင်အောင် ဆိုးဝါးသော သမိုင်းပုံရိပ်အဖြစ် နှစ်ကြိမ်တိုင်တိုင် သွေးမြေကျ ရာဇ၀င်ရိုင်းခဲ့လေပြီ။

အစိုးရအတွက် ပြည်သူဆန္ဒများဟာ အသေးအမွှားဟူ၍ မရှိ။ အများပြည်သူတိုင်းရဲ့ ဆန္ဒ အသေး အမွှားလေးက အစ အစိုးရတိုင်းအတွက် ကြီးလေးစွာ အရေးပါ အရာရောက်ပါသည်။ အမှိုက်ကစ ပြဿဒ်မီးလောင် ဆိုသမို့လား။ ဤသည်မှာ တစ်ဖက်ကလည်း မြှောက်ပေးနေခြင်းမဟုတ်၊ တစ်ဖက်ကိုလည်း ဖိနှိပ်ရှုတ်ချစော်ကား နေခြင်းမဟုတ်။ အရှိရှိ အတိုင်း သမာသမတ် ကျကျ ဘက် မလိုက်စတမ်း ရှုမြင်ထားသော အမြင်ပင်။ မှားတာရှိက ဝေဖန်ထောက်ပြနိုင်၏။ သို့သော် အချက်လက် ကျနပါမှသာ ခိုင်လုံပါမည်။ သို့မို့လျှင် မျက်မမြင် ပုဏ္ဏားများ ဆင်စမ်းသည်နှင့် တူနေပေမည်။

သံဃာတော်များ မမှားကြောင်း ဤစာစုနှင့် သက်သေထူပါမည်။ ကလျာဏ ပုထုဇဉ်များသည် သစ္စာ လေးပါးကို ရအောင် အားထုတ်ရာ၌ ဥပနိဿယ အနေဖြင့် မိမိကိုယ်ကို ငြမ်းကဲ့သို့ သဘောထား တတ်ကြ၏။ ဘုရားထီးတော်တင်သော အခါ “ငြမ်း”ဆင်ရပြီး ကိစ္စပြီးသည်နှင့် တပြိုင်နက်“ငြမ်း” ကို ဖျက်ရ၏။ ထို့အတူ မိမိနိုင်ငံနှင့် လူမျိုး အရေးအတွက် ပြုသင့်သော အကုသိုလ်များကို မလွဲမရှောင်သာ အခြေအနေမျိုးနှင့် ကြုံကြိုက်ပါက မိမိကိုယ်ကို ငြမ်းသဖွယ် ပြုရကြောင်း ဦးရွှေအောင် ရေးသားခဲ့၏။

ထို့ပြင် မိုးကုတ်ဆရာတော် ဘုရားကြီးက သစ္စာလေးပါး တရားတော် အမှတ်စဉ် ၂၄၊ စာမျက်နှာ ၂၇၈ တွင် လည်း မလွဲမသွေ ဖြစ်ကောင်းသော တဏှာ၊ မာန အကြောင်း ဟော်တော်မှုခဲ့သည်။

ထို့ပြင်ယောမင်းကြီး ဦးဘိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း၊ စာမျက်နှာ၁၂၆ လာ “ဝေပစိတ္တိအသူရာ” နှင့် “သိကြားမင်း” တို့၏ အပြောအဆိုများကို မှတ်သားလိုက်နာ စရာအဖြစ် တင်ပြအပ်ပါ၏။

ဝေပစိတ္တိအသူရာ။ ။ ပညာရှိသည် သူမိုက်ကို ပြင်းထန်စွာ ဒဏ်ပေးခြင်းအားဖြင့် တားမြစ်ရာ၏။ အကယ်၍ မတားမြစ်ခဲ့ပါက သူမိုက်သည် ပို၍ကြမ်းကြုတ်ပေလိမ့်မည်။

သိကြားမင်း ။ ။ ပညာရှိသည် အမျက်ထွက်နေသော သူမိုက်ကို အမျက်ထွက်မှန်းသိနေလျှင် ပြန်၍ အမျက်မထွက်ပဲ သည်းခံ၏။ ထိုသို့သည်းခံခြင်းသည်ပင်လျှင် သူမိုက်ကို ဆုံးမခြင်း ဖြစ်၏။

ဝေပ ။ ။ သည်းခံခြင်းကိုပင်ကြောက်၍ နေခြင်းဖြစ်သည် ဟု သူမိုက်က ထင်တတ်၏။ ထိုအခါ ရှုံး၍ ပြေးသောနွားကို နိုင်သော နွားက အတင်းလိုက်သကဲ့သို့ သူမိုက်သည် ပညာရှိကို ပို၍ ရိုင်းပျ စော်ကားတတ်၏။

သိကြားမင်း ။ ။ အားကြီးသူက အားနည်းသူအား သည်းခံခြင်းကိုသာလျှင် မြတ်သော သည်းခံခြင်းဟု ဆိုရ၏။ အားနည်းသူက အားကြီးသူအား သည်းခံခြင်းကိုမှု မြတ်သောသည်းခံခြင်းဟု မဆိုနိုင်။ အမျက်ထွက်နေသောသူကို ပြန်၍ အမျက်ထွက်၏။ ပြန်၍ အမျက်ထွက်သော သူသည် ပထမ အမျက်ထွက်သော သူထက်ပို၍ ယုတ်မာ၏။ ပြန်၍ အမျက်မထွက်မှသာလျှင် အောင်နိုင်သော စစ်ပွဲကို အောင်နိုင်သူမည်၏။

ဤအတွေး အမြင်သည် အမှောင်နှင့်အလင်း တို့၏ တန်ဖိုးချင်းခြားနားချက်ကို ဖော်ပြသော စိတ်ထား ပုံစံများပင် ဖြစ်ပေလိမ့်မည်။

ခွန်စည်သာ (တောင်ကြီး)

No comments:

Post a Comment