Saturday 5 January 2013

**လမြတ်နတ်တော်**

**ငွေနှင်းငယ်တဲ့မှုန်ဝေေ၀ ပျံ့မွှေးခိုင်သဇင်နှင့် ဂမုန်းအင် ပန်တော်ဦးကြတယ်...ထူးတဲ့လပေ။မိဂသီ ပုဏ္ဏာလင်းပါလို့ ရွှေဟင်္သာ တာရာငွေလိုဖြာဖြာဝေလျက် စံကွန့်မြူး။ ပဏ္ဏာတင် ပိန္နဲမဟာရှင်၏ ခါသဘင်ပျော်ရွှင်ပွဲမှာလ ဖေါ်ကွဲသူမကြည်သာဖို့ ရထည်လွှာခြုံလို့ကွေးရတယ်...အေးတဲ့လထူး**။



အလွန်အေးတဲ့လ၊နေ့တာတို၍ ညတာရှည်သောလလို အများပြည်သူ့တွေ ကြားသိခဲ့ကြမှာပါ။နောက်ထပ် နတ်တွေကို ပူဇော်သောလ၊စာဆိုတော်ပွဲ(စာပေဟောပြောပွဲတွေ)ကျင်းပသောလအကြောင်းကိုအနည်းငယ်ရေးသားဖော်ပြချင်ပါတယ်။ဂမုန်းနဲ့
သဇင်ပန်းတို့ဟာလည်းလမြတ်နတ်တော်ရဲ့ရာသီပွင့်ပန်းကလေးတွေဖြစ်ကြပါတယ်။အလွန်းအေး၍ နွေးအောင်ကွေးနေရသောလ၊မဟာဂီရိနတ်မောင်နှမတွေကို ပူဇော်သောလ၊နတ်တွေပျော်မြူးကြတဲ့လလိုခေါ်ကြကြောင်း မှတ်တမ်းတွေမှာဖော်ပြတာကိုဖတ်ရဖူးပါတယ်။ပို၍ စိတ်ဝင်စားစရာကောင်းတာကတော့ စာဆိုတော်နေ့(စာပေဟောပြောပွဲ)တွေ ကျင်းပခြင်းကြောင့်ပါပဲ။မြန်မာနိုင်ငံဖွားတွေဟာ ဒီပွဲတွေကိုအကြောင်းတစုံတရာနဲ့ ကြုံဆုံဖူးကြမှာ မလွဲမသွေပါ။

နတ်တော်လဆန်း(၁)နေ့ကိုစာဆိုတော်နေ့အဖြစ်ကျင်းပသောကြောင့်နိုင်ငံအ၀ှမ်းရှိကြတဲ့ ကျောင်း၊ရုံးများကိုပင်ပိတ်ပေးကြသော်လည်း၊ထိုလအတွင်းကျင်းပသောနတ်ပွဲများကိုတော့ ရှေးအစဉ်အလာအရကျင်းပကြသော်လည်းတိတိကျကျရက်သတ်မှတ်ထားခြင်းမရှိပါ။ပြီရင်လည်း တနေရာနဲ့တနေရာ ကျင်းပတဲ့ရက်တွေလည်း မတူညီကြပါဘူး။မြန်မာပြည်မှာရှိကြတဲ့ နတ်များမှာတော့ (ပြည်ပ)အိန္ဒိယကတင်သွင်းသောနတ်များနှင့်အထက်မြန်မာပြည်အညာက ပေါပေါသီသီထွက်တဲ့(ပြည်တွင်းထွက်)နတ်တွေကို ရိုသေလေးစားစွာနဲ့ပွဲတော်တွေကို ကျင်းပပေးကြတာကိုတွေ့မြင်ခဲ့ရပါတယ်။အိန္ဒိယမှာလာသောနတ်တွေကို မဟာပိန္နဲနတ်ပွဲတွေပြုလုပ်ပြီ၊ပြည်တွင်းထွက်နတ်တွေကိုတော့ မဟာဂီရိနတ်မောင်နှမပွဲများအနေဖြင့် အနယ်နယ် အရပ်ရပ်တွေမှာ ကျင်းပကြပါတယ်။နတ်ပြည်မှာရှိတဲ့စာလာပေလာနတ်တွေနဲ့တော့ကွာခြားလှပါတယ်။ထိုနတ်တွေကလူသားတို့ပြုလုပ်တဲ့ဒါနကောင်း
မှုတွေ၊သီလကောင်းမှုတွေကိုသာဓုခေါ်ဆိုကြတဲ့နတ်တွေပေါ့။တနည်းအားဖြင့်ခေါ်ဆိုကြမယ်ဆိုရင်လည်းသမာဒေ၀နတ်ကောင်းနတ်မြတ်တွေပေါ့။ယခုနတ်တွေကတော့ လက်မှာက ကြက်ကြော်၊ငါးကြော်တွေနဲ့ကျန်တဖက်မှာက အရက်ပုလင်းကိုင်လျက်၊ပါးစပ်ကလည်း ရိုင်းစိုင်းတဲ့စကားတွေကိုပြောဆိုလိုသူတို့ကိုသူတို့အဟုတ်ကြီးထင်နေကြတာ။လူတွေအမြင်မှာလည်း ချွေးတလုံးလုံး၊သံတလုံးလုံးနဲ့ကြည့်ရတာမတင့်တယ်။နောက်ပြီဘာသာတရားနဲ့ကြည့်မယ်ဆိုရင်လည်းကြည်ညိုစရာဘာတခုမှာမရှိပါဘူး။ဒီလောက်အောက်တန်းကျလှတဲ့
နတ်တွေကို ရှေးအစဉ်အလာရပူဇော်ပသမှုတွေကို ရိုးရာယဉ်ကျေးမှုတခုလိုပြုလုပ်နေကြတာကို အနယ်နယ်အရပ်ရပ်မှာ ယနေ့တိုင်တွေ့မြင်နေရဆဲပါ။လူသားတွေရဲ့အကြောက်းတရားတွေကြောင့် မပယ်ရဲ့ကြပါဘူး။စွန့်ပယ်ဖို့ကိုလည်း မတိုက်တွန်းရက်ပါ။ဒါပေမယ့်ကိုးကွယ်မှုနဲ့ပသမှု(သိုမဟုတ်)ဒါနပေးမှုကိုတော့ခွဲခြားသိရလိမ့်မယ်နော်။နတ်ပွဲတွေကိုကြည့်လိုက်ပါ။
သီချင်းတွေဆိုလိုက်၊မူးလိုက်၊နောက်ပြီကလိုက်ကြ အပျော်ကြီးပျော်ကြတဲ့ နတ်ပွဲတွေပေါ့ဗျာ။ကုသိုလ်၊အကုသိုလ်ကတော့ မိမိအသိဥာဏ်နဲ့သာ ခွဲခြားဆင်ခြင်စေချင်ပါတယ်။ဒီပွဲတွေရဲ့ကုန်ကျစရိတ်တွေဟာလည်း မနည်းလှပါဘူး။ဘာလိုလည်းဆိုတော့ နိုင်ငံအ၀ှမ်းကျင်းပကြတာကို ဒီလိုကုန်ကျစရိတ်တွေကို (မရှိဆင်းရဲသူ၊သားတွေ)လိုအပ်တဲ့နေရာတွေမှာအသုံးပြုကြမယ်ဆိုရင် တိုင်းပြည်အတွက် ဘယ်လောက်ကောင်းကြမှာလဲ?ဒီခေတ်၊ဒီစနစ်တွေကို ပြောင်းလဲဖို့တော့ အထူးလိုအပ်နေပါပြီ။



ကြည့်လိုက်ကြပါဦး......နတ်ဝင်ကြတဲ့ မိန်းကလေးတွေကို ထမိန်းမနိုင်၊ပ၀ါမနိုင်နဲ့ကြည့်ရတာ ဘယ်လိုမှာကို မတင့်တယ်လှပါဘူး။ပြီတော့လည်း ဆဲလိုက်၊ကြိမ်းလိုက်၊မောင်းလိုက်ကြတာကလည်း နတ်ဆိုတဲ့အကာကွယ်ကိုယူပြီ ရိုင်းချင်တိုင်း၊ရိုင်းနေလိုက်တာကို ယနေ့လူငယ်တွေ အတုမြင်အတတ်သင်မှာကိုတော့ အထူးစိုးရိမ်မိပါတယ်။
ဘာသာလူမျိုးအတွက်တော့ အနာဂတ်မှာကြောက်မက်ဖွယ်ကိစ္စတခုဖြစ်လာနိုင်ပါတယ်။လူတွေက နတ်ကိုပူဇော်ပသရင် စီပွားရေး၊ကျန်းမာရေးတွေ တိုးတက်ကောင်းမွန်ကြမယ်ထင်တာ တကယ်တော့ နတ်မလိုချမ်းသာတာ မရှိပါဘူး။နှစ်စဉ်နတ်ပွဲတွေကျင်းပလို မွဲသွားကြတဲ့လူတွေ မြန်မာပြည်မှာ ဒုနဲ့ဒေးပါ။ဒီလိုမှားယွင်းတဲ့နတ်ကိုးကွယ်မှုတွေကို
နောင်လာမျိုးဆက်တွေအနေနဲ့မှားယွင်းစွာ ကိုးကွယ်ကြမှာကိုတော့ အရမ်းစိုးရိမ်မိပါတယ်။လူတွေဟာလည်း မိမိရဲ့ကံ၊ဥာဏ်၊၀ိရိယအစရှိတဲ့ လုံ့လစိုက်ထုတ်မှုတွေကို ကြိုးစားလုပ်ဆောင်ချင်တဲ့စိတ်ဓာတ်တွေမရှိတော့ပါဘူး။ဖြတ်လမ်းကနေ အတွေးမှား၊အမြင်မှားတွေကိုလုပ်ကိုင်ကြပြီတော့ဘ၀ပျက်သွားတဲ့သူတွေလည်း ယနေ့ခေတ်မှာ မနည်းလှပါဘူး။ဘာသာတရားအားနည်းတဲ့သူတွေကို ပြောတာပါ။ဆရာတော်ကြီးတွေက(၃၇)နတ်မင်းအကြောင်းတွေကိုအခါအခွင့်သင့်တိုင်းရစ်ပူဇော်မှုမျိုးတွေကိုမကိုးကွယ်ဖို့အမြဲပြောဆိုဆုံးမနေလျက်ပါ။ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီးရဲ့(၃၇)နတ်မင်းအကြောင်းဟောထားတဲ့တရားတော်တွေ၊ဖြူးဆရာတော်ဘုရားဟောထားတဲ့သွေးနဲ့ရေးတဲ့ဿသနာတော်တရားတွေကို များများနားထောင်စေချင်ပါတယ်။မြန်မာစာပေလောကမှာတချိန်ကထင်းရှားခဲ့တဲ့ဆရာတော်အရှင်မဟာသီလ၀ံသနှင့်အရှင်မဟာရဌသာရတို့ရေးသားတော်မှုတဲ့ အလင်္ကာကျမ်းတွေမှာ ဒီလိုမှားယွင်းကိုးကွယ်မှုတွေကိုအမြဲဆုံးမတော်မှုရှာတယ်။ဒီနတ်ပွဲတွေဟာလည်း မြန်မာ သက္ကရာဇ် ၁၂၄၇ (၁၈၈၅)ခုနှစ်တွင် ပျောက်ကွယ်ခဲ့ပါသည်။ဒီနတ်တွေရဲ့ဘ၀ဇာတ်သိမ်းခန်းတွေကြည့်လိုက်ကြပါဦး။သေတာတောင် အသေဆိုးတွေနဲ့သေကြရတာနော်။ဒီလိုနတ်တွေကိုကိုးကွယ်ကြမယ်ဆိုရင်တော့လမ်းမှားကိုရောက်သွားကြမှာသေချာလှပါတယ်။ဒီလိုနတ်တွေကို ကိုးကွယ်ကြသူတွေကိုတော့ အရမ်းသနားမိပါ၏။

နောက်တပွဲကတော့စာဆိုတော်နေ့အကြောင်းလေးပေါ့။ရှေးဘုရင်တွေလက်ထက်မှာတော့ဒီနေ့မှာဘုရင်၊မိဖုရား၊အိမ်ရှေ့မင်းသားအစရှိတဲ့မင်းညီမင်းသားတွေရဲ့ဘုန်းတော်ဘွဲ့တွေကိုချီးမွှမ်းနိမိတ်ဖတ်ကြရတဲ့ပွဲတွေကိုနန်းတွင်းမှာတခမ်းတနားကျင်းပကြပါတယ်။ဆရာဦးပုညတို့လို ပုဂ္ဂိုလ်တွေကိုပြောတာပါ။နောက်တခု ဟိုအရင်က ဘုန်းတော်ကြီးတွေကို ဘွဲ့ဆက်ကပ်တဲ့နေ့လည်းဖြစ်ပါတယ်။စာဆိုတော်ပွဲ မဖြစ်ထွန်းမီ မြန်မာစာပေနှင့်ပတ်သက်၍ အထိမ်းအမှတ်နေ့တစ်နေ့ရှိပါသည်။ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် အလွန်ထင်ရှားသည့် စာဆိုတော်ကြီး ဦးပုညကို ချီးကျူးဂုဏ်ပြုသည့် ဦးပုညနေ့ပင်ဖြစ်သည်။စာဆိုတော်နေ့ပွဲတော်သည် ဦးပုညနေ့နှင့် ဆက်စပ်ဖြစ်ပေါ်လာသဖြင့် ဦးပုညနေ့လိုလည်းခေါ်ဆိုကြပါတယ်။ခေတ်၊စနစ်တွေပြောင်းလည်းလာတာနှင့်အညီ
စာဆိုတော်နေ့ဟာလည်း တဖြည်းဖြည်းပြောင်းလည်းသွားပါတယ်။သေချာတာကတော့ဂျပန်ခေတ်မှာပေါ့။၁၉၄၄ခုနှစ်မှာ စာရေးဆရာတွေကိုစာမရေးရ၊စာအုပ်မထုတ်ဝေရ၊စာကြည့်တိုက်တွေမထောင်ရ၊စာပေလှုပ်ရှားမှုတွေလည်းဘာမှမလုပ်ရ၊နောက်ပြီ
ဘယ်မှာမသွားရဘူးဆိုရင်တော့ကွမ်းခြံကုန်းမြို့မှာရှိတဲ့ပညာတံခွန်အသင်းဥက္ကဌဆရာကြီးမင်းသုဝဏ်ကနေ၊ရန်ကုန်မြို့မှာရှိတဲ့ပညာ
တံခွန်အသင်းကြီးကိုစာရေးလိုက်တယ်။ဦးပုညပြဇာတ်တွေကကြမယ်လိုစာရေးလိုက်တယ်။ဦးပုညပြဇာတ်ကရင်၊အချုပ်တန်းဆရာဖေ၊နတ်သျှင်နောင်အစရှိတဲ့ဇာတ်တွေအများကြီးကရမှာ၊ဒါကြောင့်မို့ဂျာနယ်ကျော်ဦးချစ်မောင်ကနေနတ်တော်လဆန်း(၁)ရက်နေ့ကိုစာဆိုတော်နေ့အဖြစ်သတ်မှတ်ခဲ့တယ်။ရာသီဥတုလည်းကောင်းမွန်တယ်။သဇင်ပန်းတွေလည်း ပွင့်လန်းတဲ့နတ်တော်လမှာ စာဆိုတော်ပွဲတွေ ကျင်းပကြမယ်လိုသတ်မှတ်ပေးလိုက်တယ်ပေါ့ဗျာ။အဲဒီနေ့မှာစာပေဟောပြောပွဲ၊ဥာဏ်ကြီးရှင်ဖြေဆိုပွဲ၊စကားရည်လုပွဲတွေနဲ့သက်ကြီး
ပူဇော်ပွဲတွေကိုနိုင်ငံနှင့်အ၀ှမ်းကျင်းပကြပါတယ်။စာပေဟောပြောပွဲဆိုတာကလည်းလူသားတွေရဲ့နောက်ခံသမိုင်း၊ဖြတ်သန်းလာတဲ့
ခေတ်စနစ်တွေအကြောင်းနှင့်လူပတ်ဝန်းကျင်အကြောင်းတွေကိုပဲပြောကြ ၊ဆွေးနွေးကြတာပါပဲ။ကလောင်သွားဟာ ဓားသွားထက်ပင်ထက်သည်ဟုပြောဆိုဆုံးမသွားတဲ့ဆရာကြီးမင်းသုဝဏ်ရဲ့စကားအတိုင်း၊စာပေပညာရှင်တွေဟာ သူတို့ရဲ့ကလောင်စွမ်းအား၊ဥာဏ်စွမ်းအားတွေနဲ့တိုင်းပြည်နှင့်လူမျိုးအကျိုးကိုကျရာနေရာကနေစွမ်းစွမ်းတမံသူတို့လေ့လာဆည်းပူးထားကြတဲ့ တတ်သိပညာတွေကို နောင်လာမျိုးဆက်သစ်တွေကိုပေးဝေဟောပြောကြတာပါ။နောက်ပြီ တိုင်းပြည်နိုင်ငံတွေမှာရှိတဲ့အစိုးရတွေရဲ့ ကောင်းတဲ့လုပ်ရပ်တွေကို ချီးကျူးကြ၊မကောင်းတဲ့ ပြုမှုလုပ်ကိုင်တာတွေကိုတော့ သူတို့ရဲ့ကလောင်စွမ်းအားတွေနဲ့ဝိုင်းဝန်းတည့်မတ်ပေးကြပါတယ်။ထောက်ပြပြောဆိုကြတယ်ပေါ့။စာရေးဆရာဆိုတာက နိုင်ငံနှင့်လူမျိုးတွရဲ့ဂုဏ်ကိုဆောင်ကြသူတွေဆိုလည်းမမှားကြပါဘူး။နောက်တခု လူငယ်တွေကိုလည်း စာဖတ်ချင်တဲ့စိတ်တွေဝင်အောင် စွဲဆောင်ကြတဲ့သူတွေဆိုရင်လည်းမမှားကြပါဘူး။စာပေတွေဖတ်မှာ ဗဟုသုတတွေတိုးပွားမယ်။
စာတတ်ပေတတ်တွေပေါများမှာ မိမိတိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုတွေ မြန်မြန်ဆန်ဆန်ရရှိမှာ မလွဲမသွေပါ။ရေမြင့်မှ ကြာတင့်မည်။ကြာတင့်မှ ကန်သာယာမည်။စာပေမြင့်မှ လူမျိုးတင့်မည်။လူမျိုးတင့်မှ ကမ္ဘာအလည်မှာ ၀င့်ကြွားစွာနေနိုင်ကြမည်မဟုတ်ပါလော။ဒါကြောင့်မို့ မြန်မာနိုင်ငံတ၀ှမ်းလုံး စာဆိုတော်နေ့မှာ စာပေဟောပြောပွဲတွေကို နေရာဒေသအလိုက်အလျင်သင့်သလို ကျင်းပနေကြတာကို အခုလိုလွတ်လပ်ခါစ မြန်မာပြည်မှာ အများဆုံးတွေ့မြင်နိုင်ပါတယ်။နတ်တော်လမြတ်ရဲ့ ထူးခြားလှတဲ့အကြောင်းအရာအနည်းငယ်ကို

ရေးသားတင်ပြလိုက်ရပါ၏။ဤဆောင်းပါးကို အချိန်မရသည်ကြားမှာ ကြိုးစား၍ရေးသားရသောကြောင့် ခွင့်လွတ်နားလည်ခြင်းများစွာဖြင့် ဖတ်ရူစေချင်ပါသည်။စာတွေကို အမြဲရေးဖြစ်အောင်ပြောဆိုဆုံးမတဲ့ စာရေးဆရာ၊ကဗျာဆရာကြီး ပုတီးကုန်းဦးစိန်ဝင်းကိုလည်း ဤဆောင်းပါးဖြင့် ကန်တော့လိုက်ပါ၏။
                                                    တော်ကူးသား လွမ်းနောင်(၂၉.၁၂.၂၀၁၂)


No comments:

Post a Comment