Saturday 16 February 2013

နယူးဇီလန်အမျိုးသမီး သေဆုံးမှု ကိုကာကိုလာသောက်ခြင်းနှင့် ဆက်စပ်နိုင်


လွန်ခဲ့သည့် (၃)နှစ်က သေဆုံးခဲ့သည့် အသက်(၃၀)အရွယ် အမျိုးသမီး တစ်ဦး၏ ဖြစ်ရပ်တွင် ကိုကာကိုလာ အချိုရည် အမြောက်အမြား လွန်ကဲ စွာ သောက်သုံးခဲ့ခြင်းက ဆက်နွယ်မှု ရှိနေကြောင်း သိရသည်
အမျိုးသမီးတစ်ဦး သေဆုံးမှုတွင် ကိုကာကိုလာ အချိုရည် သောက်သုံးမှုက ပါဝင်ဆက်နွယ်မှု တစ်ခု ဖြစ်နိုင်ခြင်းအပေါ် မိမိတို့ စောင့်ကြည့် လေ့ လာနေကြောင်း နယူးဇီလန် ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။ ထိုအချက်က ကမ္ဘာကျော် ဖျော်ရည် အမှတ်တံဆိပ်ကို နှစ်ခြိုက် စွာ သောက်သုံးနေသူ များအတွက် ထိတ်လန့်စရာ သတင်းမျိုး ဖြစ်လာသည်။ လွန်ခဲ့သည့် (၃)နှစ်က သေဆုံးခဲ့သည့် အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦး၏ ဖြစ်ရပ်တွင် ကိုကာကိုလာ အချိုရည် အမြောက်အမြား လွန်ကဲစွာ သောက်သုံးခဲ့ခြင်းက ဆက်နွယ်မှု ရှိနေကြောင်း သိရသည်။

နာတာရှာ ဟားရစ်သည် ရုတ်တရက် နှလုံးဖောက်ပြန်ပြီး အနိစ္စရောက်ခဲ့ခြင်း ဖြစ်သည်။ သူမသည် ကဖိန်းဓာတ်နှင့် သကြားဓာတ်တို့ ပါဝင်သည့် ကိုကာကိုလာ အချိုရည်ကို တစ်နေ့လျှင် (၁၀)လီတာမျှထိ ပုံမှန်သောက်လေ့ ရှိသည်။ ယင်းပမာဏသည် ကဖိန်း အသုံးပြုမှု လုံခြုံရေး သတ်မှတ်ချက်ထက် (၂)ဆ များပြားလျှက် ရှိနေသည်။ ထို့အပြင် သာမန် သကြားပမာဏ စားသုံးမှုထက်မူ (၁၁)ဆထိ မြင့်မားနေကြောင်း သိရသည်။ အချိုရည် လုပ်ငန်းစုကြီး ဘက်မှမူ နာတာရှာ သေဆုံးမှုတွင် မိမိတို့ အချိုရည်က ဆက်နွယ်နေခြင်း ရှိသည်ကို သက်သေ မပြနိုင်ဟု ငြင်းချက် ထုတ်ထားသည်။ ကိုကာကိုလာ၏ ရေင်းအားသည် ပြီးခဲ့သည့်နှစ် တတိယ (၃)လအတွင်း ဥရောပနှင့် တရုတ်တို့တွင် သိသိသာသာ ကျဆင်းခဲ့သည်။

နာတာရှာသည် သူမ အသက်မဆုံးရှုံးမီ နှစ်ပိုင်းများ အတွင်း ကတည်းက နာမကျန်း ဖြစ်နေခဲ့ကြောင်းလည်း မိသားစုက ဆိုသည်။ သူမသည် ကိုကာကိုလာ အချိုရည်ကို အလွန်အကျွံ စွဲလန်းနေဟန်ရှိပြီး သူမအနှစ်သက်ဆုံး အချိုရည်နှင့် ကင်းကွာနေပါက တုန်လှုပ်ခြောက်ခြားမှုကဲ့သို့ သွင်ပြင်လက္ခဏာများ ပေါ်လာတတ်ကြောင်းလည်း သိရှိရသည်။ "နာတာရှာက ကိုကာကိုလာ ပြတ်သွားတာနဲ့ တုန်လှုပ်လာတယ်။ မှိုင်တွေလာတယ်။ တစ်ခါတစ်လေ ဒေါသထွက်တယ်။ ဂဏှာမငြိမ်လည်း ဖြစ်လာတတ်တယ်"ဟု သူမ၏ ယောက္ခမဖြစ်သူ ဗီဗီယန် ဟော့ကင်ဆန်က ပြောကြားသွားသည်။


No comments:

Post a Comment