Saturday 16 February 2013

ပြည်ထောင်စုကြီးထာဝရ တည်တံ့ခိုင်မြဲရေး တိုင်းရင်းသား အားလုံးအရေး



(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြုဆောင်းပါး
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁၃၅မျိုးဖြင့် ဖွဲ့စည်း ထားသော နိုင်ငံဖြစ်သည်။

ထို့ကြောင့် တိုင်းရင်းသား အားလုံးတို့သည် မြန်မာ နိုင်ငံ၏ နယ်နိမိတ် အတွင်း အမိုးအကာ တစ်ခုတည်း အောက်ဝယ် သမိုင်း အစဉ်အဆက် အတူတကွနေထိုင် လာခဲ့ကြသည်။ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကို တိုင်းရင်းသား အားလုံး ပိုင်ဆိုင်ကြသည့် အတွက် တန်းတူရည်တူ ဆက်ဆံမှုနှင့် တန်းတူရည်တူ အခွင့်အရေးများ ရရှိကြသည်။

ထို့ကြောင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ ပုဒ်မ ၃၄၈တွင် ''နိုင်ငံတော်သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူး ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ ချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ''ဟူ၍ဥပဒေဖြင့် အကာအကွယ် ပေးထားသည်။ ထို့အပြင် ပုဒ်မ ၃၄၇ တွင်''နိုင်ငံတော်သည် မည်သူကို မဆို ဥပဒေ အရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိ စေရမည်။ထို့ပြင် ဥပဒေ၏ အကာအကွယ် ကိုလည်း တန်းတူ ညီမျှစွာ ရယူ ပိုင်ဆိုင်ခွင့် ပေးရမည်''ဟူ၍ ဖော်ပြထားသည်။ ထို့ကြောင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်း နေထိုင်လျက် ရှိကြသော တိုင်းရင်းသား အချင်းချင်း မတူ ကွဲပြားမှုကို အဓိက မထားဘဲ ပြည်ထောင်စုကြီးကို ချစ်မြတ်နိုးသည့် ''ပြည်ထောင်စု စိတ်ဓါတ်''သည် ထာဝရ တည်တံ့လျက် ရှိသည်။ ပြည်ထောင်စု စိတ်ဓာတ်သည် သာလျှင် တိုင်းရင်းသား အားလုံး ထာဝစဉ် ထိန်းသိမ်း စောင့်ရှောက်သွားရမည့် ''စစ်မှန်သော မျိုးချစ် စိတ်ဓာတ်'' ဖြစ်သည်။

မြန်မာ နိုင်ငံ၏ သမိုင်းကို ပြန်ကြည့်လျှင် တိုင်းရင်းသား ညီအစ်ကို များ၏ စုစည်းမှု ညီညွတ်မှု အင်အားသည် စွမ်းအား မြင့်မားပြီး အရေးပါ အရာရောက်ဆုံး ဖြစ်ခဲ့သည်ကို တွေ့ရသည်။သာဓက အဖြစ် မြန်မာ တိုင်းရင်းသား တို့၏ စည်းလုံး ညီညွတ်မှု အင်အား အကြီးမားဆုံး အချိန်များ ဖြစ်ခဲ့သော ပုဂံပြည် အနော်ရထာ မင်းကြီး လက်ထက်တွင် လည်းကောင်း၊ ဘုရင့်နောင် မင်းတရားကြီး လက်ထက်တွင် လည်းကောင်း၊ ကုန်းဘောင်ခေတ် အလောင်း မင်းတရားကြီး လက်ထက်တွင် လည်းကောင်း၊ မြန်မာ နိုင်ငံတော် ကြီးသည် အင်အား အလွန်ကြီးမား တောင့်တင်းပြီး နိုင်ငံ အသီးသီးက ခံ့ညား လေးစား လောက်သည့် နိုင်ငံတော်ကြီး အဖြစ် ရပ်တည် နိုင်ခဲ့သည်။ သို့သော် အချင်းချင်း စိတ်ဝမ်း ကွဲပြားကာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲ ကျဆင်း နေသော ပုဂံပြည် နရသီဟ ပတေ့မင်း လက်ထက်တွင် လည်းကောင်း၊ တောင်ငူခေတ် နန္ဒဘုရင် လက်ထက်တွင် လည်းကောင်း၊ ကုန်းဘောင်ခေတ် သီပေါမင်း လက်ထက်တွင် လည်းကောင်း၊ နိုင်ငံတော်ကြီးသည် အစိတ်စိတ် အမွှာမွှာဖြစ်၍ တိုင်းတစ်ပါး နယ်ချဲ့တို့၏ ရန်စ ကျူးကျော်မှုကို ခံခဲ့ရပြီး တစ်ပါးကျွန် ဘဝတွင်၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ နှစ်ပေါင်း ၁၂ဝ ကျော် နေခဲ့ရသည်။သို့သော် တိုင်းရင်းသား မြန်မာ့မျိုးချစ် ခေါင်းဆောင်ကြီးများ ဖြစ်သော ဆမားဒူးဝါး၊ ဖုန်ကန်ဒူးဝါး၊ စောမဟာ၊ စောလဖော်၊ ရွှေဂျိုးဖြူ မင်းသား၊ ဝန်းသို စော်ဘွား ဦးအောင်မြတ်၊ လင်းပင်မင်းသား၊ ပုဂံဗိုလ်ချို၊ ဗိုလ်ရာညွန့်၊ဗိုလ်နက်ကျော်၊ ဗိုလ်မြတ်ထွန်း စသည်တို့က သူ့ကျွန် မခံလိုသော စိတ်ဓာတ်၊ အမျိုးကို ချစ်သော အားမာန်၊ ခိုင်မြဲသော ဇွဲသတ္တိတို့ဖြင့် နယ်ချဲ့ကို တွန်းလှန် တိုက်ခိုက် ခဲ့ကြသည်။ထိုအချိန်တွင် ဒုတိယ ကမ္ဘာ စစ်ကြီး ပြီးဆုံးစ ကာလဖြစ်၍ အင်္ဂလိပ်တို့၏ အခြေအနေကို သုံးသပ်ခဲ့သော ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင် ကြီးများသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရေးကို အားသွန် ခွန်စိုက် ကြိုးစားကြသည်။ ထိုစဉ်က ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ လှည့်လည် သွားရောက်၍ တိုင်းရင်းသား အားလုံး စည်းလုံး ညီညွတ်စွာဖြင့် လွတ်လပ်ရေးကို ရယူရန် ဆွေးနွေး ညှိနှိုင်း ခဲ့သည်။ ထိုအခါ နယ်ချဲ့ ဗြိတိသျှ အစိုးရသည် လွတ်လပ်ရေး အတွက် ဆွေးနွေးရန် အင်္ဂလန် နိုင်ငံသို့ လာရောက် ပါရန် ဖိတ်ကြားခဲ့၍ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် အဖွဲ့သည် အင်္ဂလန် နိုင်ငံသို့ သွားရောက်ကာ လွတ်လပ်ရေး အတွက် အောင်ဆန်း အက်တလီ စာချုပ်ချုပ်ဆိုရန် ဆောင်ရွက် ခဲ့သည်။

ဗိုလ်ချုပ် အောင်ဆန်းနှင့် အဖွဲ့သည် အင်္ဂလန်နိုင်ငံ နန်းရင်းဝန် အက်တလီနှင့် တွေ့ဆုံကာ လွတ်လပ်ရေး အတွက် စာချုပ် ချုပ်ဆိုရန် ပြင်ဆင် နေစဉ်မှာပင် ရှမ်းပြည်နယ်မှ စော်ဘွားတချို့က ဗိုလ်ချုပ် အောင်ဆန်းသည် ရှမ်းပြည်နယ်သူ၊ ပြည်နယ်သားများ၏ ကိုယ်စားလှယ် မဟုတ်ကြောင်း ဗြိတိသျှ အစိုးရထံကြေးနန်းရိုက် အကြောင်း ကြားခဲ့သည်။

ယင်းကိစ္စကို ကြားသိ လိုက်ရသော ရှမ်းပြည်နယ်မှ လူငယ် ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးတင်အေး၊ ဦးဖေခင်၊ဦးထွန်းမြင့် စသည်တို့က ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် ပြည်သူ လူထု၏ စစ်မှန်သော ကိုယ်စားလှယ် ဖြစ်ကြောင်း ထောက်ခံသော ကြေးနန်း တစ်စောင်ကို ချက်ချင်း အင်္ဂလန် နိုင်ငံသို့ အကြောင်း ကြားလိုက်သည်။

ယင်းကဲ့သို့ အချိန်မီ ကြေးနန်းရိုက် အကြောင်းကြား ထောက်ခံ ခဲ့မှုကြောင့် အောင်ဆန်း အက်တလီ စာချုပ်ကို ချုပ်ဆို နိုင်ခဲ့သည်။

ထို့နောက် ဗိုလ်ချုပ် အောင်ဆန်းသည် အင်္ဂလန် နိုင်ငံ မှ မြန်မာနိုင်ငံသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ရှမ်း၊ချင်း၊ကချင် တောင် တန်း ဒေသများသို့ သွားရောက်ကာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဆောင်ရွက် ခဲ့သည်။ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် အဖွဲ့သည် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့သို့ ရောက်ရှိ လာခဲ့ပြီး ပြည်မ တောင်တန်း မခွဲခြားဘဲ လွတ်လပ်ရေးကို တစ်စု တစ်စည်းထား ရယူရန် တိုင်းရင်းသား ပြည်သူလူ ထုနှင့် ခေါင်းဆောင်များ စုစည်းကာ ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ တိုင်းရင်းသား ကိုယ်စားလှယ် ၂၂ ဦးတို့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြန်မာ့ လွတ်လပ်ရေး၏ အခြေခံ အုတ်မြစ် ဖြစ်သည့် ပင်လုံ စာချုပ်ကို အောင်မြင်စွာ ချုပ်ဆို နိုင်ခဲ့သည်။ ပင်လုံစာချုပ်ကြီးသည် ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ တိုင်းရင်းသား ခေါင်းဆောင် ကြီးများက အမြော်အမြင် ကြီးမားစွာဖြင့် အခက်အခဲပေါင်း များစွာကို ကျော်ဖြတ် ရင်ဆိုင်ပြီး ချုပ်ဆိုခဲ့သော စာချုပ်ကြီး ဖြစ်သည်။ ယင်းစာချုပ်ကြီးကို အောင်မြင်စွာ ချုပ်ဆိုခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ပြည်ထောင်စုနေ့ အဖြစ် ပေါ်ထွန်းခဲ့သည်။ ယခုနှစ်တွင် ပြည်ထောင်စု နေ့ကြီးသည် (၆၆)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သည့် (၆၆)နှစ်က ရှမ်းပြည်နယ် ပင်လုံမြို့၌ တိုင်းရင်းသား လူမျိုးများ၏ ခိုင်မြဲသော ပြည်ထောင်စု စိတ်ဓာတ်၊ ထက်သန်သော မျိုးချစ် စိတ်ဓာတ်နှင့် နယ်ချဲ့ဟူသမျှ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး စိတ်ဓာတ်တို့ကို ဤပင်လုံ စာချုပ်ကြီးက အထင်အရှား သက်သေ ပြခဲ့သည်။ဤပင်လုံ စာချုပ်ကြီးကြောင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ရရှိခဲ့ပြီး လက်လွတ် ဆုံးရှုံး ခဲ့ရသော လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို တစ်နှစ် အတွင်းမှာပင် ပြန်လည် ရယူ နိုင်ခဲ့သည်။ နယ်ချဲ့ လက်အောက်တွင် နှစ်ပေါင်း ၁ဝဝ ကျော်ခန့် လွတ်လပ်ရေး ဆုံးရှုံးကာ အချုပ်အခြာ အာဏာ မဲ့ခဲ့ရာမှ လွတ်လပ်ရေး ပြန်လည် ရရှိပြီး ကမ္ဘာ့ အလယ်တွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ခံ့ညား ထည်ဝါစွာ ရပ်တည် လာခဲ့ခြင်းသည် အဓိကအားဖြင့် တိုင်းရင်းသား အားလုံး စည်းလုံး ညီညွတ် ခဲ့ခြင်းကြောင့် ဖြစ်သည်။ လွတ်လပ်ရေး ရရှိပြီးနောက် အစိုးရ အဆက်ဆက်က နိုင်ငံတော် တာဝန်များကို ရယူ ဆောင်ရွက် ခဲ့ရာတွင် မြန်မာ နိုင်ငံ ကဲ့သို့သော ပြည်ထောင်စု နိုင်ငံ တစ်နိုင်ငံ အတွက် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးတည်း ဟူသော ဒို့တာဝန် အရေးသုံးပါးသည် တိုင်းရင်းသားတိုင်း အစဉ်ဦးထိပ် ပန်ဆင် ဆောင်ရွက် ရသည့် အမျိုးသားရေး တာဝန် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု စိတ်ဓာတ်သည် သာလျှင် စစ်မှန်သော မျိုးချစ် စိတ်ဓာတ် အဖြစ် ခံယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်းကို တွေ့ရှိရမည် ဖြစ်သည်။ ထို့ကြောင့် ဒို့တာဝန် အရေး သုံးပါးသည် ပြည်ထောင်စု တိုင်းရင်းသား လူမျိုး အားလုံး၏ အမျိုးသားရေး တာဝန် ဖြစ်သည်။ထို့ကြောင့် ပြည်ထောင်စုကြီး ထာဝရ တည်တံ့ ခိုင်မြဲရေးသည် တိုင်းရင်းသား အားလုံး၏ အရေးဖြစ်၍ ပြည်ထောင်စု တိုင်းရင်းသား တို့သည် ၂ဝ၁၃ ခုနှစ် (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် ငါးရပ်ကို တက်ညီ လက်ညီ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း ၂ဝ၁၃ ခုနှစ် (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြု ရေးသား တင်ပြ လိုက်ပါသည်။ ။


No comments:

Post a Comment