Monday 11 February 2013

အမေစု ကြားသိပါစေ ........ ။

အမေစု ကြားသိပါစေ ........ ။

၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ဟာ ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့က သေချာပါတယ် ။အကယ်၍ အနိုင်ရခဲ့ ရင် ကိုယ်တိုင် အစိုးရ ဖွဲ့ရမှာပါ ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အဆင့် သင့် ဖြစ်ပြီလား ဆိုတဲ့ ဆရာမောင်ဝံသရဲ့ မေးခွန်းလေးက တကယ်ကောင်းပါတယ် ။

အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဘယ်လို ပြင်ဆင်ထားလည်းဆိုတာ ကျနော်လည်း အရမ်းကို စိတ်ဝင်စားမိပါတယ် ။ အချိန်တိုအတွင်းမှာ ပညာရှင်တွေ အဆင့် ရောက်အောင် ပြုစုပျိုးထောင်ရတာ ခက်ခဲနေမှာပါဘဲ ။ ဒီတော့ လက်ရှိ ပညာရပ် အသီးသီးက ပညာရှင်များကို အသုံးချနိုင်အောင် ကြိုးစားသင့်ပါတယ် လို့ ကျနော်က ယူဆမိပါတယ် ။ ဒီလိုမှ မဟုတ်ရင်တော့ လက်ရှိ အာဏာရ ပါတီက ခေါင်းဆောင်များလိုဘဲ လူဟောင်းများကို ဆက်လက် အသုံးပြုရမယ့် သဘော ဖြစ်နေပါတယ် ။

ကျနော်တို့ တိုင်းပြည်ဟာ ဘာကြောင့် တပါးသော တိုင်းပြည်များထက် အစစအရာရာ နောက်ကျခဲ့ရသလည်း ဆိုတော့ မှားယွင်းတဲ့ လုပ်ဆောင်ချက်များကို ပညာမဲ့များက အမှန်ထင်ကာ အကောင်အထည်ဖော်ခဲ့ ကြလို့ ပါ ။

ဒါဆိုရင် မှန်ကန်တဲ့ မဟာဗျူဟာ တခုကို အကောင်အထည်ဖော်ပြီး ပြင်ဆင်ကြဖို့ ယနေ့ အစိုးရ ကိုယ်တိုင်လည်း ကြိုးစားနေတာ တွေ့ရပါတယ် ။
ဒါပေမယ့် အဓိက ကြုံတွေ့နေရတဲ့ ပြဿနာက အဲဒီမှားယွင်းတဲ့ မဟာဗျူဟာကို ကျင့် သုံးစဉ်က ပါဝင်ခဲ့တဲ့ လူအများက လက်ရှိ ဗျူဟာ အသစ်ကို ဆန့်ကျင်နေကြတာ တွေ့ရပါတယ် ။ အဲဒါဘာကြောင့် လည်းဆိုတော့ မဟာဗျူဟာအဟောင်းက လုပ်ဆောင်နေကြတဲ့ အကျင့် ( Culture ) များကြောင့်ပါဘဲ ။

ယခင်အစိုးရ လက်ထက်မှာ လဘ်ပေးလဘ်ယူမှုက ယာဉ်ကျေးမှု တခုလို အမြစ်တွယ်ခဲ့တာပါ ။ အဲဒီတော့ အခုဗျူဟာ အသစ်က လဘ်ပေးလဘ်ယူမှု မပြုလုပ်ရ ဆိုတဲ့ လမ်းစဉ်ကို သူတို့ လိုက်ပါဆောင်ရွက်ဖို့ အခက်အခဲ ကြုံတွေ့ ကြရပါတယ် ။

ဒီတော့ ထိရောက်တဲ့ မဟာဗျူဟာ တစ်ခု အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အတွက် ယခင် အကျင့်ဟောင်းများနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ လူအများကို လက်ရှိ ပြောင်းလဲလိုက်တဲ့ လုပ်ဆောင်မှု အသစ်များနဲ့ အံဝင်ခွင်ကျ ဖြစ်လာဖို့ ကြိုးစားရတာ အရမ်းအချိန်ကုန်ပါတယ် ။

ဒါကြောင့် နိုင်ငံတကာမှာ Restructure လုပ်တဲ့ အခါမှာ Strategy အသစ်ကို သုံးပြီး အကောင်အထည်ဖော်ဖို့ ကြိုစားတိုင်း Old Culture ရှိတဲ့ ၀န်ထမ်းများမှ လက်ရှိ New Culture နဲ မကိုက်ညီတဲ့ လူများကို လုပ်ငန်းခွင်မှ ဖယ်ရှားပြီး ယာဉ်ကျေးမှု အသစ်နဲ့ ကိုက်ညီတဲ့ လူသစ်တွေနဲ့ အစားထိုးလေ့ ရှိကြတာ တွေ့ရပါတယ် ။

ကျနော်တို့ တိုင်းပြည်လည်း နိုင်ငံတကာ နဲ့ ရင်ပေါင်တန်းမယ်လို့ ကြိုးစားပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အစိုးရ သစ်ရဲ့ မဟာဗျူဟာ ဟာ ကောင်းမွန်ပါတယ် ။ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်တဲ့ နေရာမှာ အရမ်းကို အားနည်းနေပါသေးတယ် ။ အဓိက ပြဿနာက လဘ်စားမှုနဲ့ ယဉ်ပါးနေတဲ့ လူဟောင်းများကြောင့် ဖြစ်သလို ၊ အဲဒီ လူဟောင်းများရဲ့ ပညာရေးနဲ့ အတွေးအခေါ် များဟာ မျက်မှောက်ခေတ် နိုင်ငံတကာ အဆင့် အတန်းနဲ့ မကိုက်ညီတာလည်း တွေ့ ရပါတယ် ။

ဒါကြောင့် အစိုးရ အသစ်ရဲ့ လုပ်ငန်းတော်တော်များများဟာ ဟန်ပြသာရှိပြီး ရုပ်ထွက် မကောင်းတာပါ ။ အဲဒီအားနည်းချက်ကို ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင် လက်ရှိ ၀န်ကြီးဌာန တော်တော်များများက ထိပ်တန်း အရာရှိတွေ နေရာမှာ တကယ့်ကို သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေကို အစားထိုး ဖို့ လိုအပ်ပါလိမ့်မယ် ။ သေချာပါတယ် ........... လက်ရှိ အစိုးရ အသစ်က ဒီလိုကိစ္စမျိုးကို လုပ်ဆောင်မှာ မဟုတ်ပါဘူး ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ ရင်တော့ အဲဒီလို လူမှန်နေရာမှန် ဖြစ်အောင် လုပ်ဆောင်ဖို့ ကြိုးစားမှာ သေချာပါတယ် ။ ခက်နေတာက အဲဒီလို လုပ်နိုင်တဲ့ လူတွေ NLD ပါတီမှာ ပြည့် စုံနေပြီလား ။
သေချာပါတယ် NLD ပါတီမှာ ပြည့် စုံမှု မရှိသေးပါဘူး. ။ လေ့ ကျင့် ပျိုးထောင်မယ် ဆိုရင်လည်း ၂ နှစ်တာ အချိန် အတွင်း အဆင့်သင့် ဖြစ်ဖို့ တော့ မလွယ်ကူလှပါဘူး ။

ကျနော် အကြံတခုလောက် ပေးပါရစေ......... ယနေ့ စီးပွားရေး စီမံခန့် ခွဲမှု နယ်ပယ် အသီးသီးမှာ ကျွမ်းကျင်တဲ့ မြန်မာနိုင်ငံသားတွေ ရှိသလို ၊ အဲဒီလို ကျွမ်းကျင်လာအောင် လေ့လာနေတဲ့ လူငယ်တွေလည်း အများကြီးပါ ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စီမံခန့် ခွဲမှုပိုင်းမှာ ကျွမ်းကျင်တဲ့ လူအများကို ယခုချိန်ထဲက စုဆောင်းပြီး ထပ်မံ မွမ်းမံ ပြင်ဆင်မှုတွေ လုပ်ပေးထားမယ်ဆိုရင် ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာတဲ့ အခါ လူမှန်နေရာမှန် ဖြစ်သွားရင် တိုင်းပြည်က အကြီးအကျယ် ပြောင်းလဲသွားမှာ သေချာပါတယ် ။

လက်ရှိ ပုဂ္ဂိုလိက လုပ်ငန်းများမှာ သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှာ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ရဲ့ လစာ ပမာဏ အတိုင်းမပေးနိုင်သော်လည်း သင့်တင့် မျှတတဲ့ လစာ ပမာဏ တခုကို သတ်မှတ် ပေးထားနိုင်ခဲ့ မယ်ဆိုရင်တော့ တိုင်းပြည်တာဝန်ကို ကျေပြွန်စွာ ထမ်းပေးချင်ကြတဲ့ မြန်မာနိုင်ငံသားတွေ အများကြီး ပေါ်ထွက်လာမှာ သေချာပါတယ် ။

တကယ်တမ်းတော့ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များရဲ့ တရားမ၀င် လစာငွေ ပမာဏကို တရားဝင်ပေးနေကြမယ့် အစား ခေတ်နဲ့ အညီ သင့်တင့် မျှတတဲ့ လစာကို ပေးလိုက်တာ တိုင်းပြည်အတွက် ပိုကောင်းမှာ သေချာပါတယ်လို့ လေးနက်စွာ ယုံကြည်ပါတယ် ။

ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကို အကြွင်းမဲ့ ယုံကြည်တဲ့ လူတစ်ယောက် ဖြစ်သလို ကျနော်တို့ တိုင်းပြည်ကို ဖွံ့ ဖြိုးတိုးတက်အောင် ဘယ်လို နည်းလမ်းမျိုးနဲ့ ကူညီပေးလို့ ရနိုင်မလည်း ဆိုတာ တတ်နိုင်သလောက် အချိန်ပေးပြီး စဉ်းစားကြည့်မိပါတယ် ။

ကျနော်ရဲ့ စေတနာ စကားကို အမေစု ကြားသိပါစေ..........လို့ ဘဲ မျှော်လင့် ထားပါတယ် ။

ခင်မင်လေးစားယုံကြည်လျှက်

ဗမာ့သွေး

No comments:

Post a Comment